By Ko Paing / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊တလိုင်းရပ်(ရွာသစ်)ပျူစောထီးကျေးရွာရှိ အထိုင်စခန်းကို PLA ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာတစ်ရက်၊ နံနက်သုံးနာရီဝန်းကျင်တွင် တောင်သာမြို့နယ်၊တလိုင်းရပ်(ရွာသစ်) ပျူစော ထီးကျေးရွာရှိ ပျူစောထီးအင်အား ၁၅ ဦးခန့်ရှိသည့်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PLA အမှတ်-၈၁၅တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ)ထံကသိရသည်။
“သူတို့ စခန်းကို ကျတော်တို့က ရေလွှဲဆည်ကိုဖြတ်တက်ပြီးတော့ ဝင်တိုက်တာ။ရေကတော့ ရင်စို့ကျော်တယ်။သူတို့ကလည်း ခုလိုရေထဲက ဖြတ်လာမယ်ဆိုတာမထင်ဘူးလေ။အဲ့ဒီကနေ စခန်းခြံစည်းရိုးကိုချိုးပြီး ဝင်ထိုးကြတာပါ။အကြောင်းအမျိုးမျိုးကြောင့် ကျတော်တို့ ကြန့်ကြာနေတဲ့အချိန် ရန်သူ ဆုတ်ခွာချိန်ရသွားတာ။ပျူစောထီး တစ်ယောက်သေတယ်။သူတို့ ဆုတ်ရင်းလမ်းမှာ သေတာ။စခန်းကိုတော့ အကုန်ဝင်ရောက်ရှင်းလင်းနိုင်ပါတယ်။ဘေးအနီးနားမှာ နေအိမ်တွေရှိလို့ စခန်းကိုတော့ မီးမရှို့ခဲ့ပါဘူး”ဟု PLA အမှတ်-၈၁၅တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ)မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ယင်းစခန်းရှိ ပျူစောထီးများသည် စခန်းစွန့်ကာ ဝဲလောင်ရဲစခန်းဘက်သို့ ထွက်ပြေးသွားကြကြောင်း သိရသည်။
“ကျနော်တို့ ပြန်ဆုတ်ပြီး မနက် ရှစ်နာရီလောက်မှာပဲ ထနောင်းကုန်းပျူတွေနဲ့ပေါင်းပြီး ပြန်ဝင်ပြီး တလိုင်ရပ်(ရွာသစ်)ပျူစခန်း မှာ အင်အားထပ်ဖြည့်ထားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါစခန်းကို စီးနင်းသိမ်းပိုက်ပြီး နယ်မြေရှင်းလင်းစဥ် ကာဘိုင် တစ်လက်၊ရှော့ဂန်းတစ် လက်၊ လက်ပစ်ဗုံးတစ်လုံး၊ကျည်ကာတစ်ထည်၊ကျည်ဆန်များ၊ငွေ၅၀၀၀ နှင့် စစ်သားယူနီဖောင်းတို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စခန်းစီးနင်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ နံနက် လေးနာရီကျော်၌ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်းသိရသည်။
ပျူစောထီးတစ်ဦး သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။