By Garcia Ni /MPA
မကွေးတိုင်း၊ ယောဒေသဖြစ်သည့် ဂန့်ဂေါ၊ ထီးလင်းနှင့် ဆောမြို့နယ်များကို စစ်ကောင်စီက အောက်တိုဘာလအတွင်းလေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ကိုးဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် ဂန့်ဂေါမြို့နယ်အတွင်း သုံးကြိမ်၊ ထီးလင်းမြို့နယ်အတွင်း သုံးကြိမ်နှင့် ဆောမြို့နယ်အတွင်း တစ်ကြိမ်တို့ဖြစ်ကာ၊ ပြည်သူများကိုဦးတည်တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုများကိုသာ ရေတွက်ထားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကို ထည့်သွင်းရေတွက်ထားခြင်းမရှိပေ။
ပြီးခဲ့သည့် အောက်တိုဘာခြောက်ရက်၊ ညနေ သုံးနာရီခန့်တွင် ထီးလင်းမြို့နယ်အရှေ့ခြမ်း ကျင်းရွာနှင့် နေ့လယ် ၁၂နာရီခန့်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရေရှင်မရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သည်။
” ကျင်းရွာကိုပစ်တာက ကားဝပ်ရှော့ဆိုင်ကိုပစ်တာလို့သိရတယ်။ အဲ့ဒီမှာ ငါးယောက်သေတယ်။ ၇ယောက်ဝန်းကျင်ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ် ” ဟု ထီးလင်းမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ရေရှင်မရွာအနီးတိုက်ခိုက်မှုတွင် နွားကျောင်းနေသည့် အသက်သုံးဆယ်ဝန်းကျင်အမျိုးသားတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး အောက်တိုဘာ ၁၄ရက်၊ ညနေသုံးနာရီခန့်တွင် ဂန့်ဂေါမြောက်ပိုင်း၊ လာပို့ရွာနှင့် ဘော်ပြင်းကျေးရွာများကို စစ်ကောင်စီက ဗုံးသီး နှစ်လုံးစီကြဲချ၍ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံး၍ ခုနှစ်ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယင်းအပြင် အောက်တိုဘာ၁၇ရက်၊ ညနေလေးနာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးလင်းမြို့နယ်၊ ညောင်ရွာနှင့် အကြည်ဘမ်းရွာကြားကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းနောက် အောက်တိုဘာ၂၂ရက်၊ မွန်းလွဲ တစ်နာရီခန့်တွင် ထီးလင်းမြို့နယ်၊ အိုင်းမရွာကို ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ၄၅မိနစ်ခန့်ကြာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အသက်၅၀အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ ကလပ်စတာဗုံး(ဆင့်ကွဲဗုံး)တွေနဲ့ပါပစ်တာ၊ ရွာမြောက်ဘက်မှာကျတဲ့ ကလပ်စတာဗုံးဆို မြေကြီးထဲစိုက်ကျပြီးမကွဲသေးလို့ ကာကွယ်ရေးအဖွဲ့တွေမိုင်းထောင်ပြီး ခွဲပစ်လိုက်ရတယ် “ ဟု အိုင်းမရွာလေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ရွာခံအမျိုးသားတစ်ဦးကပြောသည်။
ယင်းအပြင် အောက်တိုဘာ၃၀ရက် ၊ ညသန်းခေါင်ယံအချိန်တွင် ဆောမြို့နယ်၊ ကံချောင်းကျေးရွာကို စစ်ကောင်စီကပေါင် ၂၅၀ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီက ယောဒေသအတွင်း ၎င်းတို့နယ်မြေထိန်းချုပ်စိုးမိုးနိုင်ခြင်းမရှိသည့် ကျေးရွာများကိုပစ်မှတ်ထားကာ ပြည်သူများစိုးရိမ်ထိတ်လန့်နေစေရန် ရည်ရွယ်၍ မကြာခဏပြုလုပ်နေခြင်းဖြစ်ကြောင်း ယောတော်လှန်ရေးတပ် (YRA)၏ ပြန်ကြားရေးတာဝန်ခံကိုကောင်းက သုံးသပ်သည်။
“ အဓိကကတော့ စစ်ကောင်စီဟာ မြေပြင်မှာစစ်ကြောင်းမထိုးနိုင်တော့ဘူး။ အဲ့ဒါကြောင့် လေကြောင်းကိုပဲအားကိုးရတယ်။ ပြီးတော့ PDFက ပြည်သူတွေထဲကပဲဖြစ်တည်လာတယ်ပေါ့နော်၊ အဲ့ဒီတော့ PDF တွေထပ်ပြီးထွက်မလာအောင် ဖြတ်ချင်တာလည်းပါမယ်။ ပြောရရင် စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှုအထိ ရည်ရွယ်လုပ်ဆောင်နေတာလို့ မြင်ပါတယ် “ ဟု ၎င်းကMPAကိုပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း စာသင်ကျောင်း၊ ရပ်ရွာဆေးပေးခန်းများနှင့် ပြည်သူ့နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သည့်အပြင် ကျွဲ၊ နွား၊ ဝက်နှင့် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကိုကာကွယ်နိုင်ရန် ဗုံးခိုကျင်းများကိုမဖြစ်မနေ တူးထားကြရန်လိုအပ်ကြောင်း ကိုကောင်းကဆက်လက်ပြောသည်။
လက်ရှိ ယောဒေသနေရာတော်တော်များများကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် လေကြောင်းသတိပေးချက်များနှင့်ပတ်သက်၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဆင့်ဆင့်ချိတ်ဆက်ကာ ပြည်သူများအားအချိန်မီ သတိပေးနိုင်ရန်လိုအပ်ကြောင်း တတ်သိနားလည်သူများ၏ ပြောဆိုမှုများလည်းရှိနေသည်။






