By Ra Wai / MPA
လားရှိုးမြို့ရှိ ဘာသာရေးအဆောက်အအုံများသည် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၏ အဓိက ပစ်မှတ်ဖြစ်လာကြောင်း ကိုးကန့်တပ် MNDAAက ဆိုသည်။
အောက်တိုဘာ၂၉ ရက်၊ မွန်းလွဲပိုင်းတွင် လားရှိုးမြို့၊ရပ်ကွက်တစ်အတွင်းရှိ သာသနာ၂၅၀၀ ဘုရားကို စစ်တပ်က ပေါင်ချိန်များသည့် ဗုံးနှစ်လုံးကြဲ တိုက်ခိုက်ပြီးနောက် MNDAA ကသတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
“မင်းအောင်လှိုင်က သူ့အာဏာအတွက် ဘုရားလည်း ဗုံးကြဲရဲတယ်။သံဃာလည်း သတ်ရဲတယ်ဆိုတာ အခု လားရှိုးမတိုင်ခင်ကတည်းက အကြိမ်ကြိမ်သက်သေပြပြီးပါပြီ။စစ်တပ်က တိုင်းပြည်ဖျက်၊ပြည်သူသတ်ရုံတင်မက ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ဖျက်ဆီး၊ဘာသာသာသ နာလည်း ဖျက်ဆီးနေတာ အားလုံးမျက်မြင်ပါပဲ။ငရဲခွေးကြီး လွတ်နေပြီလို့ ပြောရမယ်။ပြဿနာက ငရဲခွေးလွတ်နေတာကို နိုင်ငံတကာက မမြင်ချင်ယောင်ဆောင်နေတာပဲ” ဟု လားရှိုးမြို့အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်ငါးရှိ ကွမ်ရင်မယ်တော် တရုတ်ဘုံ ကျောင်း နှင့် ရပ်ကွက်တစ်ရှိ သာသနာ ၂၅၀၀ ဘုရား အပါအဝင် ဘာသာရေး အဆောက်အအုံ အများအပြား ဗုံးထိမှန်ပျက်စီးခဲ့ပြီးဖြစ်သည်။
သာသနာ ၂၅၀၀ ဘုရား ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဘုရားဝင်းရှိ သံဃာများနေထိုင်ရာ ဘုန်းကြီး ကျောင်း မှာ ထိခိုက်ပျက်စီးမှုနည်းပါးခဲ့ပြီး လူထိခိုက်မှုလည်း မရှိခဲ့ပေ။
အောက်တိုဘာ ၂၉ ရက်၊နေ့ခင်း ၁၂နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် ၁၁ ဂေါက်ကွင်းအနီးသို့ စစ်တပ်က ဗုံးကြဲချခဲ့ရာ နေအိမ်တစ်လုံး ပေါက်ကွဲပျက်စီးသွားပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ကသတင်းထုတ်ပြန် ထားသည်။
လားရှိုးစစ်ပွဲအပြီး ဩဂုတ်လကုန်မှ စတင်ကာ စစ်ကောင်စီတပ်က လားရှိုးမြို့ပေါ်ကို နှစ်လကြာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းကာလအတွင်း ဗုံးအလုံး ၇၀ ကျော် ကြဲချခဲ့ပြီး အရပ်သား ခုနှစ်ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် အဆောက်အအုံ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လမ်း၊ ပြည်သူလူစုဝေးရာ နေရာ နှင့် အများသုံးအခြေခံအဆောက်အအုံများဗုံးထိမှန်ပျက်စီးခဲ့ကြောင်း MNDAA ကဆိုသည်။