By Nway / MPA
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ မဲဇာလီကျေးရွာအနီး၌ ကင်းပုန်းဝပ်နေသော စစ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၉ရက်၊ မွန်းလွဲ သုံးနာရီကျော်တွင် မဲဇာလီရွာအနီး ကင်းပုန်းဝပ်နေသော စစ်သား ရှစ်ဦးကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်အမှတ်လေး တပ်ရင်းက ယနေ့ ( အောက်တိုဘာ ၃၀ရက် ) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
“ တိုက်ပွဲဖြစ်တဲ့နေရာက မင်းတုန်းမြို့နဲ့ဆိုရင် ငါးမိုင်လောက်ပဲ ဝေးတယ်။ မဲဇာလီရွာနားမှာ အရာရှိနှစ်ယောက်က အရက်သောက်နေတာကို ကင်းယူပေးနေတယ်ကြားလို့ သွားတိုက်တာပါ” ဟု သရက်ခရိုင်အမှတ်လေး တပ်ရင်းမှ သတင်းပြန်ကြားတာဝန်ခံ ကိုမြတ်က MPA ကို ပြောသည်။
တိုက်ခိုက်မှုမှာ ၁၅မိနစ်ခန့် ကြာပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
” အရင်ဆုံး အီနာဂါနှစ်လုံးနဲ့ပစ်ပြီးမှ လက်နက်ငယ်တွေနဲ့ပစ်တာ။ သူတို့ဘက်ကလည်း ၄၀ (မမ ) သုံးလုံးနဲ့ပြန်ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား နှစ်ဦးနှင့် ဒဏ်ရာရရှိသူများကို ဥသျှစ်ပင်မြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ပွဲအပြီးတွင် စစ်တပ်က မဲဇာလီကျေးရွာ၏ တောင်ဘက် ဝန်တွင်းဂိတ်မှနေ၍ ပုသိမ် – မုံရွာလမ်းပိုင်းကို ခေတ္တပိတ်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။