By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပေါင်းတည်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၃၀ရက်) နံနက် ၁၀နာရီခွဲခန့်တွင် လင်းကတောရဲစခန်းမှ ထွက်လာသည့် အင်အား ၁၀၀ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းသည် နံနက် ၁၀နာရီခွဲခန့်၌ ချောက်တောင်း ကျေးရွာကို မီးရှို့နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များက လာရောက်တိုက်ခိုက်မည်စိုးသဖြင့် နေ့ခင်း ၁၁နာရီကျော်၌ ချောက်တောင်းရွာအနီးရှိ ပေါင်းတည်ကျေးရွာအား လေကြောင်းမှ Mi-35ဖြင့် ကာပစ်၊ ပစ်ခတ်သွား ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“ ချောက်တောင်းရွာကို မီးရှို့နေတာ။ မီးရှို့ထွက်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေက ဖြတ်တိုက်မှာစိုးတာနဲ့ ဘေးကို ကာတဲ့အနေနဲ့ Mi-35နဲ့ ပတ်ပစ်သွားတာ” ဟု ဒေသခံအမျိုးသား တစ်ဦးက MPAသို့ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး လုံးဝပျက်စီးသွားပြီး စမ္ပါယ်ရုံဘုန်းကြီးကျောင်းရှိ ပင်မအဆောင် အပေါ်ထပ် ပျက်စီးသွားကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းမှာ ကျောင်းအဆောင်သုံးဆောင်ရှိတာ ပင်မအဆောင်ထိသွားတာ။ ဘုန်းကြီးတရားဟောတဲ့အဆောင်။ အပေါ်ထပ်ကတော့ ပျက်စီးသွားတယ်။ အောက်ထပ်ကတော့ မှန်တွေ အကုန်ကွဲသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပျက်စီးသွားသော အိမ်မှ အိမ်ရှင်အမျိုးသမီးမှာ အိမ်အပြင်ဘက် သစ်ပင်အောက်တွင် ဝပ်နေသဖြင့် ကျည်အစမှန် ဒဏ်ရာအနည်းငယ်သာ ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းကြောင့် ချောက်တောင်း၊ လင်းကတော၊ ဥယျာဉ်၊ မရိုးကံနှင့် ပေါင်းတည်ကျေးရွာနေ ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။