By Ko Paing / MPA
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာကာလ၌ မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူးမြို့အပါအဝင် တပ်စခန်းပေါင်း ၁၀၀ ဝန်းကျင်ကို MDY-PDF ကသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
MDY-PDF အနေနှင့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာကာလအတွင်း ၊မိုးကုတ်၊မိုးမိတ်၊သီပေါ၊ကျောက်မဲနှင့်နောင်ချိုမြို့သိမ်းတိုက်ပွဲများတွင်လည်း မဟာမိတ်များနှင့်အတူ ပါဝင်ခဲ့ကြောင်း MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဆိုသည်။
“မန္တလေးတိုင်းထဲမှာစဥ့်ကူးမြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။ရှမ်းမြောက်မှာဆိုရင်တော့ နောင်ချိုမြို့ကို မဟာမိတ်TNLAရယ်၊ အခြားသောတော်လှန်ရေးတပ်တွေရယ် ပူးတွဲပြီးသိမ်းယူခဲ့တာရှိပါတယ်” ဟု ၎င်းက MPAသို့ပြောသည်။
မိုးကုတ်၊ မိုးမိတ်၊သီပေါနှင့်ကျောက်မဲမြို့သိမ်းတိုက်ပွဲများတွင် MDY-PDF၏ ဒရုန်းတပ်ဖွဲ့ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးသည် MDY-PDF၏ ရည်ရွယ်ချက်ဖြစ်ပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာကာလသည် MDY-PDF၏ ထူးခြားသည့် တစ်နှစ်တာဖြစ်ခဲ့ပြီး အောင်မြင်မှုကြီးမားခဲ့သလို ဆုံးရှုံးမှုလည်းကြီးမားကြောင်း ကိုအော်စမွန်က ဆိုသည်။