By Nway / MPA
စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃၇ကြိမ် ရှိခဲ့ပြီး တနိုင်ငံလုံးတွင် အများဆုံးဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅၃ ကြိမ်ပြုလုပ်ခဲ့သည့်အနက် စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၈ကြိမ်စီတိုက်ခိုက်ခဲ့ကာ ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
“ရှမ်းပြည်နယ်ထဲမှာ အဓိကကတော့ လားရှိုးပေါ့။မစားရတဲ့အမဲ မင်းအောင်လှိုင် သဲနဲ့ပက်နေတာ။ ရှမ်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုအားလုံးနီးပါးက ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက် တာ။မြန်မာပြည်သူတွေကို စစ်တပ်က သတ်နေတာ တရုတ်က သူ့အကျိုးစီးပွားနဲ့ ဆက်စပ်နေတော့ လက်ခုပ်လက်ဝါးတီးကြိုဆိုနေတယ်။နိုင်ငံတကာကလည်း ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေ တော့ မင်းအောင်လှိုင် စိတ်ကြိုက်ပေါ့” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ ပြော သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူ ၂၃၃ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ ၄၄၇ဦးထိ ရှိခဲ့ကြောင်း၊ နေအိမ် ၃၃၇လုံး၊စာသင်ကျောင်း ၁၀ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၃ခုနှင့် ဆေးရုံတစ်ရုံ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၆မှုရှိခဲ့ကာ သေဆုံးသူ၁၇၉ဦးအထိ ရှိခဲ့ပြီး ရခိုင်ပြည်နယ်၌ သေဆုံးသူအများဆုံးရှိခဲ့ကြောင်း သိရသည်။
စစ်တပ်သည် စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း ၆၃၇မှု ရှိခဲ့ပြီး စစ်ကိုင်းတိုင်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ကာ ၁၀၁ မှု ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။