By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းဝင်ရောက်နေသည်မှာ တစ်ပတ်ကျော်လာပြီးဖြစ်ပြီး ယင်းစစ်ကြောင်းသည် ကျေးရွာလေးရွာမှ ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၁ရက်မှစတင်ကာ ပခုက္ကူမြို့၊ တပ်မ ၁၀၁က ထွက်လာသော အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူမြို့နယ်ထဲတွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ရွှေတန်းတစ်ရွာ၊ ကွန်းရွာ၊ ဆင်မင်းရွာ၊ အရှေ့မြင်းကျွန်းရွာတို့မှ ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
” ပြည်သူတွေကို ဓားစာခံဖမ်းထားပြီး ဘယ်မှမသွားခိုင်းပဲ သူတို့ ( စစ်ကောင်စီစစ်ကြောင်း )နဲ့ပဲ နေ၊ ထမင်းဘာညာ ချက်ကျွေးခိုင်းတယ်။ စစ်ကြောင်းက အဲဒီရွာတွေမှာ အင်အားခွဲပြီး အထိုင်ချထားတာ ” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ရန်နောင်က MPA ကိုပြောသည်။
ထို့ပြင် ယင်းစစ်ကြောင်းသည် ကွန်းရွာ၊ ဆင်မင်းရွာ၊ အရှေ့မြင်းကျွန်းရွာမှ ပြည်သူ ရှစ်ဦးကိုလည်း သတ်ဖြတ်ထားပြီး စစ်ကြောင်းရှိနေသေးသည့်အတွက် သေးဆုံးသူများ၏ အမည်နှင့် နေရပ်အတိအကျ အတည်မပြုနိုင်သေးကြောင်း ရဲဘော်ရန်နောင်က ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ပခုက္ကူမြို့သို့ စစ်ကြောင်းထိုးနေစဉ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် အနည်းဆုံး ထိတွေ့တိုက်ပွဲ ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
” ဒီကြားထဲ ထိတွေ့တိုက်ပွဲက ငါးခါလောက်ဖြစ်တယ်။ လက်နက်ကြီးနဲ့ပစ်တာတို့ ဒရုန်းနဲ့သွားချတာတွေလည်းရှိတယ်။ စစ်ကောင်စီဘက်က သုံးဦးသေပြီး ရှစ်ဦးဒဏ်ရာရတယ်လို့ ကနဦးသိရတယ် ” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ စစ်ကြောင်းရက်ရှည်ဝင်ရောက်မှုကြောင့် ရွှေတန်းတစ်ရွာ၊ ကွန်းရွာ၊ ဆင်မင်းရွာ၊ အရှေ့မြင်းကျွန်းရွာ အပါအဝင် ကျေးရွာ ၁၅ရွာမှ ပြည်သူ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရုံးအဖွဲ့မှူးက ပြောသည်။
” စစ်ရှောင်စခန်းက ခြောက်ခုလောက်ဖွင့်ထားရတယ်။ စခန်းတစ်ခုကို ဆန်အိတ် ခြောက်အိတ် လောက်ကုန်တဲ့နေရာလည်းရှိသလို တချို့စခန်းတွေက ခြောက်အိတ် အထက်ကုန်တာလည်း ရှိတယ် ” ဟု ယင်းရုံးအဖွဲ့မှူးက ပြောသည်။
စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ မိုးကာများ အရေးပေါ်လိုအပ်နေပြီး စစ်ကြောင်းဝင်ရောက်မှု ထပ်မံကြာရှည်လာပါက ရိက္ခာလိုအပ်ချက် ပိုမိုများပြားလာနိုင်ကြောင်း ၎င်းကရှင်းပြသည်။
လက်ရှိ ပခုက္ကူမြို့နယ်တွင် ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးများဖြစ်ပေါ်နေကာ ပြည်သူများနှင့် ရဲဘော်အချို့ ဖျားနာမှုများလည်း ရှိနေကြောင်း ရဲဘော်ရန်နောင်ကပြောသည်။
” ရာသီပေါ်တုပ်ကွေးဖြစ်နေကြတော့ ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်။ တုပ်ကွေးဖြစ်နေတဲ့ ဦးရေက သိပ်မများပေမဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါတော့ စိုးရိမ်မိတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် အောက်တိုဘာ ၁၅ရက်ကစတင်၍ ပခုက္ကူမြို့ပေါ်မှ ကားသမားများကို စစ်တပ်က ပေါက်မြို့နယ်ရှိပျုရွာများကို ရိက္ခာပို့ဆောင်ရန် ဖမ်းဆီးမှုများပြုလုပ်ခဲ့သေးကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ကားလိုင်စင်တွေ ဘာတွေသိမ်းပြီး ရိက္ခာသွားပို့ခိုင်းတာ၊ စစ်တပ်က လုံခြုံရေးလိုက်ပေးတာလည်း မဟုတ်ဘူး။ ဒီတိုင်း ပြည်သူကားဆိုပြီး ပို့ခိုင်းတာ၊ ကားသမားတွေက သွားမပို့ကြတော့ အဖမ်းခံရတဲ့သူလည်း ရှိတယ်။ ကားသိမ်းခံရတဲ့သူလည်းရှိတယ်။ သိမ်းထားတဲ့ကားတွေကို တပ်မ ၁၀၁ ထောက်ပို့ဝန်းထဲမှာ ထားတယ်လို့သိရတယ် ” ဟု ၎င်းကပြောသည်။
ထို့နောက် ရက်ပိုင်းအကြာတွင် ကားသမားများနှင့် သိမ်းဆည်းထားသော ပစ္စည်းများကို ငွေကြေးနှင့် ပြန်ရွေးခိုင်းကာ လွှတ်ပေးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ဘယ်သူမှ သွားမပို့ကြတော့ ပေါက်ကို ရိက္ခာပို့မဲ့ အစီအစဉ်ကတော့ ပျက်သွားတယ်။ နောက်ထပ် ရိက္ခာပို့ဖို့အတွက် ဘယ်လိုတွေ လုပ်အုန်းမလဲမသိဘူး။ အခု တပ်မ ၁၀၁ က ပခုက္ကူမှာ စစ်ကြောင်းထိုးနေတဲ့အခါကျတော့ အထွေ အထူး မသိရသေးဘူး ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လကလည်း ပခုက္ကူတပ်မ ၁၀၁ က မြိုင်မြို့နယ်ရှိ ပျူရွာများကို ရိက္ခာပို့ရန် ထွက်လာသော စစ်ကြောင်းသည် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် လိုရာမရောက်ပဲ သုံးလအကြာတွင် ပခုက္ကူသို့ လှည့်ပြန်ခဲ့ရပြီး ယခုလအတွင်း၌ ပခုက္ကူမြို့နယ်ရှိ ကျေးရွာများကို တကျော့ပြန် စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်သည်။