By Ko Paing / MPA
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြို့ပင်သာရွာရှိ စစ်တပ်ဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်၊ နံနက်ခြောက်နာရီ မထိုးမီ ရေတာရှည်မြို့နယ်၊ကြို့ပင်သာရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးသေဆုံးသွားသည့် စစ်သားတစ်ဦးထံမှ ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ရေတာရှည်မြို့နယ်-အနောက်ခြမ်း ပကဖထံက သိရသည်။
“အဲ့ဒီဂိတ်မှာက အင်အားက ၁၂ ယောက်ပဲရှိတယ်။ကျတော်တို့တိုက်ခိုက်ချိန်ကငါး မိနစ်လောက်ပဲ ကြာတယ်။ဂိတ်စခန်းကို စွန့်သွားတာမျိုးရှိတယ်” ဟု ရေတာရှည်မြို့နယ်-အနောက်ခြမ်းပကဖမှ စစ်ရေးတာဝန်ခံ စနိုက်ပါ က MPAသို့ပြောသည်။
ယင်းဂိတ်မှ ပြည်သူ့စစ်ခေါ် ပျူစောထီးနှင့် စစ်သားအချို့သည် ယူနီဖောင်းများ ချွတ်ပြီး ပြည်သူ့နေအိမ်များဘက်ဆီသို့ ထွက်ပြေးသွားကြကြောင်း သိရသည်။
“သေဆုံးတဲ့ ရုပ်အလောင်းတွေကိုတော့ နေပြည်တော်ဘက်ကို ပို့တယ်လို့ ကြားသိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ကားလေးစီးဖြင့်စစ်သားများ ရောက်လာကာ အင်အားတိုးချဲ့ထားပြီး ကင်းပုန်းများလည်းချထားကြောင်းသိရသည်။
“ဒီဂိတ်စခန်းက ရေတာရှည်နဲ့လမ်းနီးတယ်။ဂိတ်စခန်းက အမြန်လမ်း ၁၆၄မိုင် ၇ဖာလုံ ဆိုတော့ နေပြည်တော်ကို မိနစ် ၂၀ လောက် ကားနဲ့သွားရင်ရောက်တယ်။ပို့ဆောင်ရေးကိစ္စရပ်တွေမှာ အသွားအပြန်လုပ်တဲ့ ဂိတ်စခန်းဖြစ်တယ်”ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ရေတာရှည်မြို့နယ်-အနောက်ခြမ်း ပကဖ စနိုက်ပါ အဖွဲ့က ဦးဆောင်ပြီး အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး ၉၉၁၈ တပ်ဖွဲ့နှင့် YDAF တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
ယင်းဂိတ်စခန်းမှ စစ်သားများသည် သိုင်းဝကျေးရွာအုပ်စုအတွင်းရှိ စစ်မှုမထမ်းလိုသူများကို တစ်ဦးလျှင် ကျပ်သိန်း ၅၀ မှ သိန်း ၇၀ အထိ တောင်းရမ်းနေကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAကအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။