By Ra Wai / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးစစ်ဆေးရေးဂိတ်ကို PDFတပ်ဖွဲ့များက ဒရုန်းဖြင့် ဖျက်အားပြင်းဗုံး ၁၆လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်းသိရသည်။
အောက်တိုဘာ ၂၇ရက်၊ နံနက် ၁၀နာရီခန့်မှ နေ့ခင်း ၁၂နာရီအထိ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ပျူစောထီးစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူလည်း များကြောင်း ကမ္မတပ်ပေါင်းစုထံက သိရသည်။
” အင်အား ၄၀လောက်ရှိတယ်။ စစ်သား က ခုနှစ်ယောက်လောက်ပဲရှိတယ်။ မှတ်ပုံတင်စစ်တာတွေ၊ မိန်းကလေးငယ်တွေဆို မတော်တရော်ဆက်ဆံတာမျိုးတွေ၊ ဂိတ်ကြေးဆိုလည်း တခြားဂိတ်တွေလိုမဟုတ်ဘဲ အဆမတန်တောင်းတာတွေရှိတယ်” ဟု ကမ္မတပ်ပေါင်းစုတာဝန်ခံက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူအရေအတွက်နှင့် ပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ပြီး
စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခြင်းမျိုးမရှိကြောင်း သိရသည်။
” ပြန်ပစ်တာတို့မရှိဘူး။ ဒရုန်းနဲ့ချလိုက်တော့ စစ်ဆေးရေးဘက်မှာ တင်းကျပ်တာ လျော့သွားတာ တော့ရှိတာပေါ့” ဟု ၎င်းကပြောသည်။
တိုက်ခိုက်နေစဉ်အတွင်း ဖြတ်သန်းသွားလာနေသည့် ပြည်သူများရှိသော်လည်း ထိခိုက်မှုလုံးဝမရှိကြောင်း ၎င်းကပြောသည်။
တင်းဂါတ်ဂိတ်သည် ပခုက္ကူမြို့နှင့် သုံးမိုင်ဝန်းကျင်သာကွာဝေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ Bly ပြောက်ကျားတပ်ဖွဲ့ ၊PKU Thurain၊ Black cobraforce(ကမ္မတပ်ပါင်းစု)နှင့် DMG ဓားမင်းကြီးအဖွဲ့ တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။