By Ko Paing / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က ညအချိန်၌ လေကြောင်းမှ ဗုံးအသေး အလုံး ၄၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ဆံပင်ညှပ်ဆိုင်နှင့်လူနေအိမ် တစ်လုံး ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။
အောက်တိုဘာ ၂၇ ရက်၊ ည ၁၀ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က Y12 လေယာဥ်ဖြင့် ဗုံးသီး အသေးအလုံး ၄၀ ထက်မနည်း ကြဲချတိုက်ခိုက်ရာ နွားထိုးကြီး-မလှိုင်လမ်းပေါ်ရှိ ဆံပင်ညှပ်ဆိုင်နှင့်လူနေအိမ် တစ်လုံးပြိုကျ ပျက်စီးသွားကြောင်းနွားထိုးကြီး PDF ခေါင်းဆောင်တစ်ဦးထံက သိရသည်။
“လူထိခိုက်မှုတော့မရှိဘူး ။လေယာဥ်က အခေါက်ခေါက်အခါခါကြဲသွားတာ။ဆံပင်ညှပ်ဆိုင်နဲ့ကပ်လျက် လူနေအိမ်တစ် လုံးပျက်စီးသွားတယ်။နွားတစ်ကောင်လည်းသေတယ်။အောင်ပန်းကုန်းရွာက လေကြောင်းတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ပါ။ဒီရွာက စစ်ရေးလှုပ်ရှားတဲ့ နယ်မြေလည်းမဟုတ်ပါဘူး”ဟု ၎င်းက MPAသို့ပြောသည်။
စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ်ကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်းသိရသည်။
“အပြစ်မဲ့ပြည်သူတွေ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုကနေ သက်ဖြတ်နေတာက တော်လှန်ရေးကို ရပ်တန့်ဖို့ကြိုးစားတဲ့ အာဏာရှင်အုပ်စုလက်ပါးစေတွေအနေနဲ့ နည်းလမ်းအမှန်မဟုတ်ကြောင်းနဲ့ အကျိုးတူတန်ပြန်သက်ရောက်မှုမျိုး သေချာပေါက်ပြန်ခံစားရမှာကို ခိုင်းတာလုပ်နေတဲ့ကောင်တွေ သေချာစဉ်းစားဖို့ပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
အောက်တိုဘာလ ၁၁ ရက်တွင် နွားထိုးကြီးမြို့နယ်၊ကန်နားနယ်မြေရဲစခန်းကို မြင်းခြံခရိုင်တပ်ရင်း-လေးနှင့်တပ်ရင်း၁၀ တို့လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့်ဝင်ရောက်တိုက်ခိုက်စဥ် စစ်တပ်က လေကြောင်းပစ်ကူပေးရာ ရဲစခန်းအတွင်း ဗုံးသီးကျရောက်ပြီး ရဲစခန်းပျက်စီးသွားခဲ့သေးသည်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို ဩဂုတ်၁၀ရက်တွင် ဒေသတွင်း PDF တပ်များက စတင်ခဲ့သည်။