By PoeSangle / MPA
TNLA အုပ်ချုပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ ပြည်သူများကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးသုံးကြိမ် ကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ခုနှစ်နာရီခွဲခန့်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့နယ်၊ လွယ်ဆာကျေးရွာနှင့် မန်ဝိန်းတံတားအနီး ကျရောက်ပေါက်ကွဲခဲ့ရာ လူထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း နမ့်ခမ်းမြို့ခံအချို့ထံက သိရသည်။
“သုံးကြိမ်ကြဲသွားတယ်။ အဲနောက်မှာ ခြောက်ကြိမ် ပြန်လာဝဲသွားတယ်။ ရုတ်တရက်ဆိုတော့ ဈေးထဲမှာရော၊ ဆိုင်တချို့ရော ရုန်းရင်းဆန်ခတ်ကိုဖြစ်လို့၊ ပြန်လာတဲ့သူကလာ၊ ဆိုင်ပိတ်တဲ့သူလည်း ပိတ်ပေါ့” ဟု နမ့်ခမ်းမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ကို ဗုံးကြဲတိုက်ခိုက်စဉ် တရုတ်ဘက်ခြမ်းက ပြန်လည်ပစ်ခတ် သတိပေးခဲ့ကြောင်း သိရသည်။
“ပထမတစ်ကြိမ်လာပစ်သွားပြီနောက် တရုတ်ဘက်က ပစ်ခတ်တယ်။ သူတို့နယ်မြေကို ရောက်သွားမှာကို စိုးရိမ်လို့ ခြိမ်းခြောက်တဲ့သဘောပဲ။ လောလောဆယ်တော့ စခန်းသစ်နားက လွယ်ဆာမှာ ကြဲသွားလို့ လူအသွားအလာနည်းနည်းပါးသွားတယ်” ဟုနမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာခြောက်ရက်က နမ့်ခမ်းမြို့၊ မြို့လယ်ဘုရားနှင့် ဟိုကတ်ရပ်သို့ စစ်တပ်ကြဲချသည့် ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။