By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်တပ်သည် ငါးရက်အတွင်း ပြည်သူ ရှစ်ဦးထက်မနည်းကို သတ်ဖြတ်ထားပြီးဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၁ရက်မှစ၍ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများအား လုယက်နေကြောင်း ပခုက္ကူဒေသခံ ပကဖရဲဘော်တစ်ဦးထံက သိရသည်။
“ အောက်တိုဘာ ၂၂ရက် နဲ့ ၂၃ရက်နေ့မှာ ပြည်သူ ရှစ်ဦးကျော် သတ်ဖြတ်ခံထားရတယ်လို့ သိရ တယ်။ ဘယ်ရွာတွေကလဲ၊ ဘယ်သူဘယ်ဝါတွေလဲတော့ အတည်မပြုနိုင်သေးဘူး” ဟု ၎င်းက MPA ကို ပြောသည်။
ယင်းစစ်ကြောင်းကြောင့် ရွှေတန်းတစ်ရွာ၊ ဆင်မင်းရွာ၊ ကွန်းရွာ၊ ဒေါင်းစားရွာ၊ ကွန်းရွာ၊ နှောကုန်းရွာ၊ ကင်မွန်းခါးရွာ၊ နတ်ကျွန်းရွာ၊ ဘုရားကုန်းရွာ၊ ဆိပ်ကမ်းသာယာရွာ၊ မန်ကျည်းပင်ပုရွာ၊ နှောစုရွာ၊ ကျွန်းညိုကြီးရွာ၊ ကွမ်းခြံစုရွာ၊ မြင်းကျွန်းရွာနှင့် မယ်တော်လှရွာတို့ မှ ပြည်သူ တစ်သောင်းကျော် စစ်ရှောင်နေရကြောင်း သိရသည်။
“ အဲဒီရွာတွေကို ပတ်မွှေပြီး ပြည်သူပစ္စည်းတွေ ယူတယ်။ ဖျက်ဆီးတာတွေရှိတယ်။ လောလောဆယ် ကွန်းရွာမှာ စစ်ကြောင်းရှိနေတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ဘေးရှောင်ပြည်သူ များပြားသည့်အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။