By Nway / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးငါးလုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ( အောက်တိုဘာ ၂၅ရက် ) မွန်းလွဲ တစ်နာရီကျော်က ပေါက်ကွဲအားပြင်းထန်သော ဗုံးငါးလုံး ကြဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်စီးလာသော ပြည်သူတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပြီး ရွှေမြင်းနှစ်ကောင် စက်ရုံအပါအဝင် အနီးဝန်းကျင်ရှိ အဆောက်အအုံ များစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်းလားရှိုးမြို့ ပြန်လည်ထူထောင်ရေးက သတင်းထုတ်ပြန်သည်။
“ တစ်နေ့ထဲကို ကြဲနေတာငါးကြိမ်တောင်ရှိပြီ။ကြောက်လွန်းလို့ ဗုံးခိုကျင်းထဲဝင်လိုက် ထွက်လိုက် လုပ်ရတာလည်း မောလာပြီ။ကြာရင် နှလုံးရောဂါရတော့မယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်မှာ ဩဂုတ်လမှ ယနေ့ထိ အကြိမ်ရေ ၃၀နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီနဲ့ တရုတ်ပေါင်းပြီး စစ်ကောင်စီ မပြေးရရေးအတွက် ပြည်သူကိုသတ်ဖြတ်တဲ့နည်းနဲ့ ခြိမ်းခြောက်ဖိအားပေးနေတာပေါ့။အခုဆို တရုတ်က နယ်စပ်ဂိတ်တွေအကုန်ပိတ်ပြီးတော့ အငတ် ဘေးသင့်နေတဲ့မြန်မာပြည်သူတွေကို ဒုက္ခတွင်းဆုံးရောက်အောင် ထပ်လုပ်ပြန်တယ်” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
အောက်တိုဘာ ၂၃ရက်ကလည်း မယ်ဟန်ကျေးရွာအုပ်စု၊ခိုဆန်တန်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဆန်အရက်ချက်စက်ရုံ ထိမှန်ခဲ့သည်။




