By Sayar Ngaat / MPA
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ဘုတလင်ဖြစ်စဉ်အပါအဝင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၆၅ခုကျော်ကို စစ်တပ်က ကျူးလွန်ခဲ့ကြောင်း ISP Myanmarက အောက်တိုဘာလ ၂၁ရက်တွင် ထုတ်ပြန်ထားသည့် စစ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။
စစ်ကောင်စီးတပ်သည် အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းများသည် ငွေကြေးလိုချင်တပ်မက်မှုများကြောင့် ပြုလုပ်နေခြင်းများဖြစ်ကြောင်း အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာသည့် စစ်သားတစ်ဦးက ပြောသည်။
“ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာပါ၊ ဘုတလင်ကိစ္စမှ မဟုတ်ပါဘူး။ ရှေ့မှာလည်းလုပ်သွားတာတွေ အများကြီးပါ၊ ရှေ့ဖြစ်စဉ်တွေမှာ ငွေကြေးလိုချင်မှု တပ်မက်မှတ်မှုတွေကြောင့် သတ်ဖြတ်ခဲ့တာတွေလည်းရှိတယ်။ ကျတော်တို့ မြင်လည်း မြင်ခဲ့ရတယ်၊ ကြုံလည်းကြုံခဲ့ရတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ သစ္စာခံတပ်များနှင့် ပျူစောထီးများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များ၏ ၉၂ ရာခိုင်နှုန်းကို ကျူးလွန်ခဲ့ခြင်းဖြစ်ကာ ထိုကဲ့သို့ ကျူးလွန်ခဲ့မှုများအနက် စစ်ကိုင်းတိုင်းသည် ၅၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဖြစ်စဉ်တစ်ခုလျင် အရပ်သားပြည်သူ ၁၀ဦးထပ်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ ၁၃၀၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စစ်တမ်းတွင် ဆိုထားသည်။
ယင်းအပြင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၃ရက်မှ ၁၇ရက်အတွင်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီ၏ တပ်မ ၃၃က စစ်ကြောင်းထိုးခဲ့ပြီး စီပါကျေးရွာမှ ဒေသခံ ၂၀ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မေ ၁၁ရက်ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လထုတ္တောကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူ ၃၀ဦးကို ရွာအတွင်းရှိ ဘုန်ကြီးကျောင်း၌ သတ်ဖြတ်ခဲ့သေးသည်။
” ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးမှာ အညာမှာရှိတဲ့ ပြည်သူတွေရဲ့ တော်လှန်စိတ်က အမြင့်ဆုံးဖြစ်ခဲ့တယ်။ အဲဒီတော့ မင်းအောင်လှိုင်က သူ့ရဲ့အာဏာတည်မြဲရေးလမ်းကြောင်းမှာ အနှောင့်အယှက် အတားအဆီးလို့ မြင်လာတဲ့အတွက် အညာဘက်ကို အငြိုးကြီးနဲ့ ချေ မှုန်းနေတယ်လို့ မြင်ပါတယ် “ ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုရှင်းသန့်က ပြောသည်။
စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများ အားကောင်းနေသဖြင့် စစ်ကောင်စီက မြေပြင်တိုက်ခိုက်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” စစ်ကိုင်းတိုင်းအတွင်းမှာက လေကြောင်းတိုက်ခိုက်မှုတွေရော၊ မြေပြင်တိုက်ခိုက်မှုတွေရော ဆက်တိုက်ပြုလုပ်နေတာတွေ ကြုံနေရပါတယ်။ ရက်ရက် စက်စက် သတ်ဖြတ်မှုတွေက ဒီပဲယင်းမြို့နယ်ထဲမှာဆိုရင် နဂိုကတည်းက ကြုံတွေ့ခဲ့ရတယ်။ ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်တောက်ပြီး အသတ်ခံရတာတွေ ပေါ့နော်၊ တော်လှန်ရေးမှာ စစ်ကိုင်းတိုင်းလောက် အားကောင်းတဲ့ နေရာတွေမရှိဘူး။ အဲ့ဒါကြောင့်မလို့ ဝိုင်းပြီး ဖိနှိပ်နေကြတာပါ “ ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများအပြင် တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှုနှင့် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုများကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်ရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၃ ခုနှစ်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် နိုင်ငံတစ်ဝန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု ၄၆၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ ၃၁၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။



