By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီကတကြော့ပြန်စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားခဲ့ကာ နှစ်ဘက်ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
တမူးမြို့တောင်ပိုင်း၊ ပန်းသာပျူစောထီးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီ၊ ကသည်းလက်နက်ကိုင်တပ်ဖွဲ့နှင့်ပျူစောထီးစုပေါင်းအင်အား ၆၀ခန့်သည် အောက်တိုဘာ၂၃ရက်၊ နံနက် ငါးနာရီခန့်တွင် နန်းမွန်းတားရွာအနီးတွင် ဂိတ်ချထားသည့် တမူးခရိုင်တပ်ရင်း(၄)၏ ရှေ့ကင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးရဲဘော်၃ဦးကျဆုံး၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ကျတော်တို့ရင်း(၄)ထိုင်တဲ့ပွိုင့်ကို အင်အား၆၀လောက်နဲ့ စစ်ကြောင်းလာထိုးတယ်။ ကျတော်တို့ ကင်းချထားတဲ့တပ်စိပ်က ရဲဘော် ၆ယောက်ပဲရှိတယ်။ သူတို့က အင်အားအလုံးအရင်းနဲ့ ကျတော်တို့ပွိုင့်ကိုဝင်သိမ်းတာ? ဝင်သိမ်းတာမှာ ကျတော်တို့ ကလေးသုံးယောက် ခံပစ်ရင်းနဲ့ကျသွားတယ်။ တစ်ယောက်ဒဏ်ရာရတယ်။ ကျန်တဲ့ကလေးတွေက ပြန်ပြေးလာနိုင်ခဲ့တယ်။ တစ်ယောက်ကတော့ ဒဏ်ရာရထားတယ်ဗျ” ဟု တမူးခရိုင်တပ်ရင်း(၄) ထောက်လှန်းရေးတာဝန်ခံကိုနက္ခတ်က MPAကိုပြောသည်။
တမူခရိုင်တပ်ရင်း (၄) အနေဖြင့် ကျဆုံးသွားသည့်ရဲဘော်များ၏ ရုပ်အလောင်းများကိုနာရီပိုင်းအတွင်း ပြန်လည်ဆွဲယူနိုင်ခဲ့သော်လည်း သေနတ် လေးလက်နှင့် ၄၀မမ လက်နက်ကြီးတစ်လက်တို့ ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
ယင်းနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည် နန်းမွန်းတားရွာအနီးပွိုင့်များအား အလုံးစုံသိမ်းပိုက်နိုင်ပြီဟူသော ယူဆချက်ဖြင့် ဆိုင်ကယ်ငါးစီး အင်အား၁၀ယောက်ဝန်းကျင်ဖြင့် ဆက်လက်စစ်ကြောင်းထိုးလာရာ တမူးခရိုင်တပ်ရင်း(၁)၏ ကင်းပုန်းနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ တစ်ဦးအရှင်ဖမ်းမိခဲ့သည်။
“ ကျတော်တို့နန်းမွန်းတားပွိုင့်ကို သိမ်းနိုင်ပြီထင်ပြီးတော့ ဆိုင်ကယ်ငါးစီး လူ ၁၀ ယောက်နဲ့ တက်လာတာ၊ မိုးကာတွေခြုံပြီးတော့၊ အာရှလမ်းမှာ ခရိုင်(၁)ရဲ့ဂိတ်အထိရောက်လာခဲ့တယ်။ အဲ့ဒီမှာ Battle(တိုက်ပွဲ)ဖြစ်ကြတယ်။ ကျတော်တို့ကင်းပုန်းရှိတာကိုမသိတဲ့အခါကျတော့ အဲ့ဒီနားမှာတင် လေးယောက်လုံးတစ်ခါတည်းကျသွားတယ်။ တစ်ယောက်ကတော့အရှင်မိတယ်။ သေနတ် လေးလက်ရတယ်ဗျ “ ဟု ကိုနက္ခတ်က ဆက်ပြောသည်။
စစ်ကောင်စီသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလပိုင်းမှစ၍ တမူးမြို့နယ်သို့ စစ်ကြောင်းထိုးခြင်းမရှိတော့ဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့များကသာ စစ်ကောင်စီစခန်းများကိုသွားရောက်တိုက်ခိုက်ခြင်းရှိခဲ့ပြီး အောက်တိုဘာ၂၃ရက်နေ့မှစတင်၍ တကြော့ပြန်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တမူးဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ အထက်မင်းသာ၊ အောက်ပန်းသာပေါ့၊ အဲ့ဒါကပျူအားကောင်းပြီး စစ်ကောင်စီအထိုင်ချထားတဲ့ရွာတွေပေါ့၊ အထက်ပိုင်းဆို မင်းသာရွာမှာ စစ်ကောင်စီထိုင်တယ်။ အဲ့ဒါရဲ့အထက် မြိုသစ်ကကိုယ်တွေသိမ်းထားပြီးပြီကိုး၊ ဒီဘက်တောင်ပိုင်းဆို ပန်းသာရွာမှာ ထိုင်တယ်။ ပန်းသာဆိုတမူးနဲ့ ရှစ်မိုင်ပဲဝေးတယ်။ တမူးနဲ့ပန်းသာကြားမှာတော့ သူတို့ဂိတ်တွေရှိတယ်၊ အဲ့လောက်ပဲ။ စစ်ကြောင်းမထိုးတာအတော်ကြာပြီ ခမ်းပါတ်မြို့ပြန်ရဖို့စစ်ကြောင်းထိုးတဲ့အခေါက် အရင်နှစ်ဒီဇင်ဘာလောက်ကနောက်ဆုံးပဲ၊ အဲ့ဒါပြီးမထိုးတော့ဘူး။ အခုကပြန်ပြီး စစ်ကြောင်းထိုးတဲ့သဘောပေါ့” ဟု ၎င်းကဆိုသည်။
ယင်းအပြင် ယခုရက်ပိုင်းအတွင်း တမူးမြို့ပေါ်တွင် စစ်ကောင်စီနှင့်ပျူစောထီးများက ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပတ်သက်သည်ဟုဆိုကာ ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်မှုများလည်း မကြာခဏပြုလုပ်လျက်ရှိကြောင်းသိရသည်။
“ ဒီရက်ပိုင်းထဲ PDFဘက်မှာနေပြီး မြို့ထဲပြန်ဝင်လာတဲ့တစ်ယောက်ရှိတယ်။ အဲ့ဒီကောင်က ဖော်လို့စော်ဘွားရပ်ကွက်က ပြည်သူ ငါးယောက် ၂၀ရက်နေ့လောက်ကထင်တယ်၊ ဖမ်းခံရတယ်။ အဲ့ဒီထဲက တစ်ယောက်ကတော့ အသတ်ခံလိုက်ရပြီးပြီလို့ကြားတယ်နော” ဟု တမူးမြို့ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိစစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် ရန်ကြီးအောင်ရွာသို့ပြန်လည်ဆုတ်ခွာသွားပြီး ပြန်လည်စစ်ကြောင်းထိုးနိုင်သည့် အခြေအနေတွင်ရှိကာ တမူး-ခမ်းပါတ်ကားလမ်းသည်လည်း ပိတ်ထားကြောင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။