By Nway / MPA
၂၀၂၄ခု၊ သုံးလတာအတွင်း တော်လှန်ရေးအင်အားစုများက မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်သည်။
၂၀၂၄ခု၊ ဇူလိုင်မှ စက်တင်ဘာအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့မှ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မိုးမောက်၊ ချီဖွေ၊ သံတွဲနှင့် ကျိန္တလီမြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
“အခုနောက်ဆုံးသတင်းတွေအရဆိုရင် တော်လှန်ရေးတပ်တွေ သိမ်းလိုက်တဲ့မြို့က ၈၅မြို့ရှိပါပြီ။အ ခုတရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားတွေပေးပြီး နယ်စပ်ဂိတ်တွေပိတ်နေလို့ တိုက် ပွဲအရှိန် နည်းနည်းလျော့သွားနိုင်ပေမဲ့ တလူလူလွင့်နေတဲ့ တော်လှန်ရေးအောင်လံကတော့ အရှိန်အ ဟုန်ပျက်မှာ မဟုတ်ဘူးလို့ ယူဆတယ်” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
သုံးလတာအတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်နိုင်ခဲ့ ပြီး တိုက်ပွဲဖြစ်ပွားမှုနှုန်းလည်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။
ယင်းသုံးလတာအတွင်း စစ်ဆင်ရေးများနှင့်တိုက်ပွဲဖော်ဆောင်မှု စုစုပေါင်း ၂၁၂၆ ကြိမ်ရှိခဲ့ သည့်အနက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၀၀၆ ကြိမ်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းမှာ ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်းမှာ တတိယအများဆုံးဖြစ်ခဲ့သည်။
ထို့ပြင် ယင်းသုံးလအတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၁၀၄၄ဦး သေဆုံးခဲ့ပြီး ၁၃၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အရပ်သားသေဆုံးမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းမှာ ဒုတိယအများဆုံး၊ စစ်ကိုင်းတိုင်းမှာ တတိယအများဆုံးဖြစ်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။