By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် စစ်တပ်စိုးမိုးနယ်မြေအတွင်း သွားလာနေသည့် စစ်အုပ်စုဝင်နှစ်ဦးကို PDFတို့က စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြကြောင်း သိရသည်။
အောက်တိုဘာ ၂၂ရက်၊ နံနက် ခုနာရီခွဲဝန်းကျင်တွင် စစ်တပ်စိုးမိုးထားသည့် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ တည်သီးပျူရွာသို့ စစ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦး ဆိုင်ကယ်ဖြင့်သွားနေစဉ် ယင်းနှစ်ရွာကြား၌ PDF တပ်ဖွဲ့များက အသင့်စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ ကျတော်တို့ ဖော်ဆောင်ခဲ့တဲ့နေရာဆို သူတို့စိုးမိုးနယ်မြေဗျ။ ကျတော်တို့က ရန်သူ့နယ်မြေထဲသွား ပြီး မစ်ရှင်ဖော်ဆောင်ရတာ။ ကျတော်တို့ဘက်က အသင့်စောင့်တိုက်တာဆိုတော့ သူတို့အနေနဲ့ အလစ်အငိုက်ဆိုတော့ ဆိုင်ကယ်တောင်စီးမပြေးဘူး၊ ရပ်သွားတာ။ သူတို့စိုးမိုးထားတဲ့နေရာဆိုတော့ သူတို့အချင်းအချင်း အပစ်ခံရတယ်ထင်ပြီး ကြောင်သွားတာ” ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ရဲဘော်ဗလကြီးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခုနှင့် အီနာဂါဗုံးသီးလေးလုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ ဆိုင်ကယ်တော့ မရခဲ့ဘူးဗျ။ ဆိုင်ကယ်ကအစုတ်ရယ်။ ချောချောမွေ့မွေ့သွားလာလို့ရတဲ့နေရာ မဟုတ်တဲ့အပြင် အစုတ်မို့ပစ်ထားခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို တိုက်နယ်နှစ်ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက်နယ်သုံး ပကဖ တိုက် ခိုက်ရေးအဖွဲ့ (ကြီးလေးကြီးပကဖအဖွဲ့၊ ဓားညီနောင်ပကဖအဖွဲ့)နှင့် တိုက်နယ်ငါး ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်နှစ်ဦး သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။