By Ra Wai / MPA
စစ်ကိုင်းတိုင်း ၊ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်ဝောာ့သည့်အတွက် ပျူစောထီးများ ငတ်ပြတ်နေကြောင်းသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအရှိန်ကောင်းလာသည့် အတွက် ပုလဲမြို့နယ်အတွင်း သို့ မုံရွာနမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)မှ စစ်ကြောင်း ဝင်ရောက်လာခြင်းမရှိတော့သဖြင့် အင်မထီးနှင့် ဇီးဖြူကုန်းပျူရွာတို့မှ စစ်ကြောင်းထွက် လုယက်ခြင်းများ မလုပ်ရဲတော့ကာ ငတ်ပြတ် နေကြောင်း ပုလဲမြို့နယ်ပအဖထံက သိရသည်။
“ထိုးစစ်တွေစတဲ့အချိန်မှာ မြေပြင်မှာ စစ်ကြောင်းတွေ မဝင်နိုင်တဲ့ အခြေအနေပေါ့။ အဲ့တော့ စစ်ကြောင်းမရှိတော့ သူတို့ရိက္ခာလုလို့မရတော့ဘူးလေ။ လုလို့မရတော့ ရှားပါးလာပြီး စကစက လေယာဉ်တွေနဲ့ ရိက္ခာချပေးတယ်” ဟု ပုလဲမြို့နယ်ပအဖမှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ပုလဲမြို့နယ်အခြေစိုက် စစ်တပ်နှင့်ပျူစောထီးတို့သည် ပုလဲမြို့နယ်ထဲသို့ လှုပ်ရှားစစ်ကြောင်း ဝင် ရောက်လာချိန်ကျမှ ယင်းစစ်ကြောင်းကို အမှီပြု၍ နီးစပ်ရာရွာများသို့ ဝင်ရောက်လုယက်ကာ လှည်း၊ ဆိုင်ကယ်၊ထော်လာဂျီနှင့် ထွန်စက်တို့ဖြင့် ပြည်သူပိုင်ပစ္စည်းများ သယ်ကြကြောင်း သိရသည်။
“ သူတို့သက်သက်စစ်ကြောင်းက ဟိုတုန်းကတည်းက မထွက်ဘူးဗျ” ဟု ၎င်းက ပြောသည်။
မြေပြင်စစ်ကြောင်းမထိုးသည်မှာ တစ်နှစ်ဝန်းကျင်ကြာပြီဖြစ်ပြီး ဝေဟင်မှ ရိက္ခာထုတ်များချပေးသော်လည်း ခွဲတမ်းနှင့်ရသည့်အတွက်လောက်ငှမှုမရှိကြောင်း သိရသည်။
“ Y12လိုဟာမျိုးတွေနဲ့ ရိက္ခာတွေချပေးတာရှိတယ်။ ဒါပေမဲ့၊ လောက်ငှမှုမရှိဘူးလို့ သိရတယ်။ ခွဲတမ်းချစားရတဲ့အခြေအနေတွေမှာဆိုတော့ ဆန်ကို ပဲစိမ်းနဲ့ရောစားရတယ်။ ချက်ဟင်းဆိုလည်း ရေလုံပြုတ်စားရတယ်လို့ ကြားရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် ပျူစောထီးရွာအတွင်းရှိ ကလေးငယ်များသည် စာသင်ကြားခွင့်မရှိခြင်း၊ အမျိုးသမီးအချို့ အဓမ္မပြုကျင့်ခံရခြင်းနှင့် ပျူစောထီးခေါင်းဆောင်များက ဖမ်းဆီး၊ ရိုက်နှက်ခြင်းများရှိကြောင်း သိရသည်။
“ ကလေးတွေဆို စာမသင်ရဘူး။ လုံးဝကို ကလေးတွေ စာမတတ်မြောက်တဲ့ အခြေအနေရှိတယ်ပေါ့နော် ” ဟု ၎င်းကပြောသည်။
အောက်တိုဘာ ၁၈ရက်တွင် အင်မထီးပျူရွာသို့ လေယာဉ်ဖြင့် ချပေးသော ရိက္ခာထုပ်အချို့ကို တော်လှန်ရေးရဲဘော်များက ရရှိခဲ့ကြောင်း သိရသည်။