By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အစပ်ရှိ အုမ္မတီးကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်ကို ပိတ်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၆ရက်မှ ယနေ့(အောက်တိုဘာ ၂၁ရက်) ထိ အုမ္မတီးကျေးရွာတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း TNLA တပ်ဖွဲ့များရှိနိုင်မည့်နေရာများသို့ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်နေကြောင်း အုမ္မတီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
” တိုက်ပွဲဖြစ်နေတာ သုံးရက်၊ လေးရက်လောက်ရှိနေပြီ၊ ကျတော်တို့ရွာ အုမ္မတီးမှာကော၊ တောင်ခမ်းတပ်စခန်းဘက်မှာကော အသံကြားနေရတယ်။ နောင်ချိုမြို့ကိုလဲ စစ်တပ်က သုံးရက်ဆက်တိုက် လေယာဉ်နဲ့ လာကြဲသွားတယ် ” ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် TNLA ပူးပေါင်းတပ်ဖွဲ့က သီးပေါမြို့ရှိ စစ်ကောင်စီ၏ ခမရ၅၀၃/၅၀၄ နှင့် ခလရ ၂၃ တပ်စခန်းတို့ကို သိမ်းပြီးနောက် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်စခန်းများကျန်ရှိနေသေးသည့် အုမ္မတီးနှင့် တောင်ခမ်းကျေးရွာများကို ထိုးစစ်ဆင်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ TNLA ပူးပေါင်းတပ်ဖွဲ့က နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ပြီးနောက် ပြင်ဦးလွင်မြို့သို့ တိုက်ခိုက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေသည့်အတွက် မြို့အဝင်အထွက်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု မန္တလေးနှင့် လားရှိုးမြို့သို့ ကားပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ ပြင်းဦးလွင် ဝက်ဝံဂိတ်မှာ ကား၊ ဆိုင်ကယ်တွေ ပေးမဖြတ်တော့ဘူး။ ဒီနေ့လည်း လှည့်ပြန်လာရတယ်။ ဘာတွေမှန်းမသိတော့ပါဘူး။ တချို့က နောင်ချိုနဲ့ ပြင်ဦးလွင်အစပ်မှာ တိုက်ပွဲဖြစ်နေတယ်လို့ပြောတယ်။ လမ်းက လုံး၀ဖြတ်လို့မရတော့ဘူး စစ်တပ်ဘက်က ပိတ်လိုက်တာ ” ဟု ၎င်းက ရှင်းပြသည်။
နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ဇူလိုင် ၁၀ရက်တွင် TNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ကျေးရွာအချို့တွင် စစ်တပ်စခန်းများ ကျန်ရှိနေသေးသည့်အပြင် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူအချို့သည် ပြင်ဦးလွင်မြို့၌ ပိတ်မိမှုများရှိကြောင်း ဒေသခံများက ဆိုသည်။
” အလုပ်ကိစ္စနဲ့ မနေ့က မန္တလေးကို ဆင်းလာတာ၊ ရှမ်းတောင်ဘက်ကနေ ပတ်ပြီးလာရတယ်။ နောင်ချိုမှာ တိုက်ပွဲဖြစ်တော့ အဲ့ဒီဘက်က လမ်းအဆင်မပြေဘူးလေနော့၊ ကားခကတော့ နည်းနည်းစျေးကြီးတာပေါ့၊ ကားခ၊ စားစရိတ် လေးငါးသိန်းလောက်ကုန်တယ် ” နမ့်ခမ်းမြို့မှ မန္တလေးမြို့သို့ ခရီးသွားသည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
လက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် အောက်တိုဘာ ၁၈ရက်မှစတင်ကာ အောက်တိုဘာ ၂၁ရက်ထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများအနက် အောက်တိုဘာ ၁၉ရက်က နောင်ချိုမြို့ကို လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ နှင့်ပေါင် ၃၀၀ ဗုံးများဖြင့် မနက်နှင့် မွန်းလွဲတို့တွင် နှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် TNLA ၊ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များသည်နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တစ်တည်သား စစ်ကောင်စီတပ်ထိန်းချုပ်နေဆဲဖြစ်ပြီး ကျန်နေသည့် မြို့များကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲနှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားခြင်းဖြစ်သည်။