By Mandy / MPA
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ပြီးနောက် အခြေအနေပေါ်မူတည်၍ သုံးလကြာပြီးမှသာ ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ပင်လည်ဘူးမြို့ကို အမှတ် (၁) စစ်ဒေသ၏ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပကဖ၊ ပလဖများ စုပေါင်းပါဝင်သော တော်လှန်ရေးအင်အားစုများက ၅၃ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ရှစ်ရက်တွင် မြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ အရင် တိုက်ပွဲတွေဖြစ်ထဲက စစ်ရှောင်နေရတာဆိုတော့ အတော်ကြာနေပါပြီ၊ နောက်သုံးလလောက်မှ မြို့ထဲဝင်ရမယ်ဆိုပြီး တာဝန်ရှိတဲ့သူတွေကတော့ပြောတယ်။ လောလောဆယ်တော့ ဖြစ်သလိုပဲ နေနေရတယ် ” ဟု ပင်လည်ဘူးမြို့မှ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
၂၀၂၂ခုနှစ်၊ ဇွန်လမှစတင်ကာ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အချိန်မှစတင်ကာ ဒေသခံများသည် စစ်ဘေးနှင့်ဝေးသည့် ကျေးရွာများတွင် စစ်ရှောင်နေရခြင်းဖြစ်သည်။ လက်ရှိ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားဆဲဖြစ်သည်။
“လောလောဆယ်တော့ ပြည်သူတွေကို နေခွင့်မပေးသေးဘူးလို့ပြောတယ်။ မြို့က နေစရာလည်းမကောင်းတော့ပါဘူး။ အန္တရာယ်မကင်းသေးတဲ့အပြင် လေယာဉ်နဲ့ကြဲထားတဲ့ အပျက်အစီးပုံကြီးတွေနဲ့ မြို့တွင်းကလည်း နံဟောင်နေတာပဲ ” ဟု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သော ကောလင်းပကဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တော်လှန်ရေးအင်အားစုများက ပင်လည်ဘူးမြို့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှစ၍ ပဥ္စမအကြိမ်မြောက် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်ကလည်း လေကြောင်း အကြိမ်ရေ ၆၇၀ကျော်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။
“လောလောဆယ်တော့ ကိုယ့်ရဲဘော်တွေ အလှည့်ကျ တာဝန်ယူပြီး မြို့ကိုကာကွယ်နေရတာပေါ့၊ ပြည်သူတွေကိုတော့ ဝင်ခွင့်မပေးသေးဘူး။ အရင်က ပင်လယ်ဘူးကို သိမ်းဖို့မဟုတ်ဘဲ သတ်ကွင်းဗျူဟာဖော်ခဲ့တာ၊ သူတို့ဘက်က ထွက်ခွာခွင့်တောင်းလို့သာ မြို့ကိုသိမ်းဖြစ်လိုက်တာ၊ ရှေ့အစီအစဉ်တွေဆိုတာက ဘယ်လိုဆိုတာတော့ ဘာမှအသေအချာမပြောနိုင်သေးဘူး” ဟု အမှတ် (၁)စစ်ဒေသမှ မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသည် မြို့တွင်းမှ ထွက်ခွာခွင့် တောင်းခံလာသည့်အတွက် မြို့နှင့် မိုင် ၄၀ခန့်ဝေးသည် ဝန်းသိုမြို့သို့ ထွက်ခွာခွင့်ပြုခဲ့ပြီး စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များအပါအဝင် စုစုပေါင်း ၆၅၀ဦးခန့်သည့် ဝန်းသိုမြို့သို့ ဆုတ်ခွာခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇၀ခန့်သေဆုံးကာ၊ ၂၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အလင်းဝင်လာသည့် စစ်ကောင်စီအဖွဲ့ဝင် ၄၈ဦးနှင့် စစ်သုံ့ပန်း ၁၀၂ ဦးဖမ်းဆီးရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီးငယ် ၄၀၀ကျော်၊ ခဲယမ်းများ၊ စစ်ဘက်သုံးပစ္စည်းများအပြင် ကျောက်မျက်ရတနာများနှင့် ဘိန်းဖြူ၊ ဘိန်းမည်း စသည့် မူးယစ်ဆေးဝါးများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
ယင်းအပြင် မြို့သိမ်းတိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများကို အတူတိုက်ပွဲဝင်ခဲ့သည့် တပ်ရင်းတပ်ဖွဲ့များကို အချိုးကျခွဲဝေပေးသွားမည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်တွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ခဲ့သည့် ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရောက်ရှိခဲ့ကာ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်များကိုတွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ပင်လည်ဘူးမြို့သည် အရှေ့ဘက်တွင် ဝန်းသို၊ တောင်ဘက်တွင် ကောလင်း၊ ကျွန်းလှ၊ အနောက်ဘက်တွင် ဖောင်းပြင်နှင့် မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် ထိစပ်နေပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၅၀၀ ကျော်နှင့် လူဦးရေ ၇၀၀၀ ခန့်ရှိသည့် မြို့တစ်ခုဖြစ်သည်။