By Ra Wai / MPA
ရှမ်းပြည်နယ်၊နောင်ချိုမြို့နှင့် နမ့်ဆန်မြို့နယ်နေ ပြည်သူတို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ပျက်စီးမှုရှိကြောင်း TNLA ကသတင်းထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ၂၁ရက်)နံနက်တစ်နာရီကျော်တွင် နောင်ချိုမြို့၊သပြေရပ်ကွက်ထဲသို့ စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ရှစ်နာရီခွဲခန့်၌ နမ့်ဆန်မြိုနယ်၊ ကျောက်ဖြူလေးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“နောင်ချိုမြို့ပေါ်ကို စစ်တပ်ကဗုံးဆက်တိုက်ကြဲနေလို့ မြို့ထဲပြန်နေတဲ့ ပြည်သူတချို့တောင် မြို့ပြင် ပြန်ရွှေ့နေကြတယ်။တချို့လည်း ရွှေ့စရာနေရာအဆင်မပြေလို့ မြို့ထဲမှာပဲ ဘုရားတပြီး ကြိတ်မှိတ် နေနေကြတာ။မြို့ထဲမှာ လူသိပ်မများတော့လည်း ထိခိုက်မှုနည်းတာ။စစ်တပ်က လားရှိုးပြီးတော့ နောင်ချိုပြည်သူတွေကို ဆက်တိုက်သတ်နေတာ”ဟု လားရှိုးအခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦး က MPAသို့ ပြောသည်။
နောင်ချိုမြို့နယ်၊သပြေရပ်ကွက်ထဲသို့ ကြဲချသည့် ဗုံးထိမှန်ကာ ဦးဂိုကာနတ်၏နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကဆိုသည်။
အောက်တိုဘာ၁၉ ရက်၊နံနက် ငါးနာရီကျော်ကလည်း နောင်ချိုမြို့ပေါ်သို့ စစ်တပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ ပြည်သူလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သေးသည်။
သတင်းကျွတ်လပြည့်ညကလည်း နောင်ချိုမြို့ထဲသို့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ လေးဦး ဒဏ်ရာရခဲ့သေးသည်။