By Nway / MPA
ပဲခူးတိုင်း၊ တောင်ငူလေတပ်အတွင်းရှိ ပေါင် ၅၀၀ ဗုံး သိုလှောင်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၀ရက်၊ ည ရှစ်နာရီခွဲခန့်တွင် တောင်ငူလေတပ်ကို ၁၀၇ (မမ) ရှော့တိုက်ဒုံး သုံး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်လုံးအား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ ( အောက်တိုဘာ ၂၁ရက် ) နံနက်အစောပိုင်း၌ သတင်းထုတ်ပြန်သည်။
” အဓိကကတော့ ပေါင်၅၀၀ ဗုံးတွေထားတဲ့သိုလှောင်ရုံတွေကိုပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပါတယ်၊လက်နက်ကြီးနဲ့သုံးလုံးပြန်ပစ်ပါတယ်၊ လက်နက်ငယ်နဲ့ကတော့အချက်ပေါင်းများစွာပြန်ပစ်ပါတယ်။ ရှော့ဒုံးကိုဘယ်နေရာက ပစ်မှန်းမသိတော့ သူတို့ပြန်ပစ်တာတွေက ရမ်းသန်းပြန်ပစ်တာမျိုးတွေဖြစ်နေတယ်။ ” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားများ ထိခိုက်မှုရှိခဲ့ပြီး ၎င်းတို့ကို လူနာတင်ကား သုံးစီးဖြင့် တောင်ငူလေတပ်မှ ခေါ်ထုတ်သွားကြောင်း သိရသည်။
” လူနာတင်ကားက ကိုးနာရီဝန်းကျင်လောက်မှာဝင်သွားတာပါ။ ပစ်ပြီးတာနဲ့သိပ်မကြာဘူး ဝင်သွားတာ။ ဘယ်ကိုပို့လဲတော့မသိရပါဘူး။ ရဲဘော်တွေအားလုံးကတော့ ဌာနေစခန်းအသီးသီးကို ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိခဲ့ပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီ အဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်ကြောင်း BWM က သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၂၀ရက်ကလည်း BWMနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များသည် တောင်ငူလေတပ်ကို တိုက်ခိုက်ခဲ့သေးပြီး လေတပ်အရာရှိ နှစ်ဦးသေဆုံးကာ အခြားအဆင့် ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။