By Ra Wai / MPA
ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ်၊စွယ်တော်ကုန်းတပ်စခန်းသိမ်းပွဲတွင် စစ်သားလေးဦးသေဆုံး ပြီး ၁၄ဦးဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။
စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းကို အောက်တိုဘာ၁၇ရက်၊နံနက်ပိုင်းတွင် တော်လှန် ရေးတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“စွယ်တော်ကုန်းကို ပွဲသိမ်းလိုက်တယ်ဆိုတာ လေးကေ့ကော်မြို့သစ် လုံးဝလွတ်မြောက်သွားတာပဲ။ ပြီးခဲ့တဲ့မတ်လတုန်းကလည်း လေးကေ့ကော်နဲ့သိပ်မဝေးနဲ့ ဖလူးကြီးတပ်စခန်းကို KNU က သိမ်းခဲ့ပြီးသားဆိုတော့ လေးကေ့ကော်နားဝန်းကျင် လုံးဝ စစ်တပ်ကင်းစင်သွားတာပဲ”ဟု မဲဆောက် ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
ခုနှစ်လကြာ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ယင်းစခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်၏ ၁၂၀ (မမ)စိန်ပြောင်း နှစ်လက်၊ ၁၂၀ (မမ) ပြောင်းအထိုင် နှစ်ခု၊ ၁၂၀ (မမ )ဒေါက်သုံးခု၊ ၁၂၀ (မမ)ကျည် ၂၄ လုံး၊ ၆၀ (မမ) အထိုင် တစ်ခု၊ ၁၂၀ (မမ) ပြောင်းရှင်းတံ နှစ်ချောင်း၊ ၆၀ (မမ)ကျည် ၃၆ လုံး၊ ပွိုင့်5 တစ်လက်၊ ပွိုင့်5 ပြောင်းအပို တစ်ချောင်း၊ ပွိုင့်5 ကျည် ၁၀၀၀ ၊ MA1 ၁၆ လက်၊ MA 3 သုံးလက်၊ MA4ပူးတွဲ တစ်လက်(ပျက်စီး)၊ ၆၀ မမ(ပြောင်းရှည်) တစ်ချောင်း(ပျက်စီး)၊ 5.56 ကျည် ၂၀၀၀ ၊ RPG တစ်လက်၊ နာတို(၇.၆၂)ကျည် ၁၅၀၀ခန့်၊ တိုက်မိုင်း နင်းမိုင်း ၁၀ ခု၊ စစ်သုံးမြေပုံ တစ်ခုနှင့် Jemmer လေးခုတို့ကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအပြီးတွင် KNLA၊ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ်တို့သည် လေးကေ့ကော် တခွင်ရှိ ကျေးရွာများသို့ လှည့်လည်အောင်ပွဲခံကြပြီး ဒေသခံ ပြည်သူတို့က အောင်သပြေပန်းတို့ဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
စွယ်တော်ကုန်းတပ်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တွင်တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးသည့် အချိန်မှစပြီး မြဝတီနှင့် ဖလူးဒေသတစ်လျှောက် လက်နက်ကြီးများနှင့် ပစ်ခတ်ကာ ပြည်သူလူထုအား အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ်စခန်း တစ်ခုလည်းဖြစ်ကြောင်း KNU ဗဟို ကဆိုသည်။
“လေးကေ့ကော်ကို ပြန်သိမ်းလိုက်ပြီဆိုတော့ လေးကေ့ကော်မှာ အခြေစိုက်ခဲ့ဖူးတဲ့ လက်ရှိမဲဆောက် ရောက်နေတဲ့သူတွေ အကုန်ခေါင်းထောင်လာကြတယ်။ပြောရရင် ကျတော်တို့မှာ လေးကေ့ကော်မှာ ပြန်နေလို့ရရင် ပြန်နေချင်တဲ့ စိတ်ရှိကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မအောင်မြင်သည့် အာဏာသိမ်းပွဲစတင်ပြီးနောက်တွင် KNU ထိန်းချုပ်ထားသော လေးကေ့ကော်မြို့ သစ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစွာ လာရောက်အခြေချနေထိုင်ခဲ့ကြပြီး ၂၀၂၁ခုနှစ်၊ဒီဇင် ဘာ၁၄ရက်၊ စစ်တပ်က လေးကေ့ကော်မြို့ကို ဝင်ရောက်စီးနင်းချိန်မှစ၍ လေးကေ့ကော်၌ နေထိုင်သူ များအားလုံး မြို့စွန့်ခွာခဲ့ရသည်။
စွယ်တော်ကုန်းစခန်းကို ၂၀၀၃ ခုနှစ်မှ စတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များက တာဝန်ယူခဲ့ကာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းသည့် အချိန်မှစပြီး တပ်မ ၂၂၊ တပ်မ ၄၄ နှင့် ကမ်းရိုးတန်းတပ်များပါ လာရောက်တပ်စွဲခဲ့သော တပ်စခန်းတစ်ခုလည်း ဖြစ်သည်။
ယင်းစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် သုံး၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း တစ်၊ ကော်ဘရာ စစ်ကြောင်း တစ်၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings တို့ ပူးပေါင်းဆင်နွှဲကြကြောင်း တောင်ပိုင်းစစ်ဒေသ ကထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင် ပေ။