By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်မှာ ဒေသခံ PDF တပ်ဖွဲ့တို့၏ ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေကြောင်းသိရသည်။
အောက်တိုဘာ ရှစ်ရက်တွင် ငါန်းဇွန်မြို့ပေါ်မှ ငါန်းမြာကြီးရွာသို့ အင်အား ၂၀၀ဝန်းကျင်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်ဖွဲ့တို့ အောက်တိုဘာ ၁၀ရက်မှ ၁၄ရက်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒုံဒင်ကျေးရွာမှ ရှေ့သို့ဆက်မတိုးနိုင်သေးကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းများထံက သိရသည်။
” သူတို့ဘက်ကလည်း ငါန်းမြာကြီးကို ပြန်လိုချင်နေတာ။ ငါန်းမြာကြီးက ငါန်းဇွန်နဲ့ လမ်းပန်းဆက်သွယ်ရေးရော ဆီမီးခုံနဲ့ လမ်းပန်းဆက်သွယ်ရေးရော အချက်အချာကျတဲ့ မြို့ကြီးဖြစ်နေတာ။ အဲ့လိုကြောင့်မို့ သူတို့ဘက်က အသည်းအသန်ပြန်ယူချင်နေတာ” ဟု ဒေသတွင်းPDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။
လက်ရှိ စစ်တပ်ရောက်ရှိနေသော ဒုံဒင်ရွာနှင့် ငါန်းမြာကြီးရွာသည် တစ်မိုင်ကျော်ကွာဝေးပြီး ကြားထဲ ၌ မိုးတောင်ရွာတစ်ရွာ ခြားကြောင်းသိရသည်။
ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဘက်စလုံး ထိခိုက်မှုများရှိပြီး စစ်တပ်ထံမှ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” ပထမပွဲမှာတုန်းက ၁၅ယောက်နီးနီးသေတယ်ဗျ။ နောက်ရက်တွေလည်း အထိအခိုက်ကရှိတယ်ဗျ။ သူတို့က ရှေ့မတက်ဘဲ နောက်ပဲပြန်၊ ပြန်ဆုတ်ပြီး ခံတပ်ပဲပြင်နေတာ” ဟု ၎င်းကဆက်လက် ပြောသည်။
ယင်းစစ်ကြောင်းကြောင့် မိုးတောင်ရွာအပါအဝင်ကျေးရွာခုနှစ်ရွာမှ ဒေသခံနှစ်ထောင်ကျော် ထွက် ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ငါန်းမြာကြီးရဲစခန်းကို PDF ပူးပေါင်းတပ်များက ဩဂုတ်၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ငါန်းမြာကြီးရွာကို မကြာခဏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေကြောင်းသိရသည်။