By Bala / MPA
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲတုများပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ သိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်များသည် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားနေသဖွယ် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အရင်လက ဒီးမော့ဆိုဘက်မှာဖြစ်တာပါ၊ လက်နက်ကြီးတွေတောက်လျောက်ပစ်တယ်။ လက်နက်ငယ်တွေလည်း ပစ်တယ်။ တပ်ထဲကပစ်တာမျိုးပေါ့၊ ပစ်တဲ့အခါကြတော့ ကျတော်တို့က ထိတွေ့မှုရှိနေလားဆိုပြီးတော့ ရှေ့တန်းမှာရှိနေတဲ့ရဲဘော်တွေကို လှမ်းမေးတဲ့အခါကြတော့ ထိတွေ့မှုကလုံးဝမရှိဘူး။ ဘာမှမရှိဘူး ကျတော်တို့ဘက်က သွားပြီးပစ်ခတ်တာမျိုးမရှိဘူး။ သူ့ဟာသူ တစ်ဖက်သတ်ပစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်း ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှုများရှိသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်ဆက်တိုက်ပစ်ခတ်မှုများသည် တိုက်ပွဲဖြစ်ပွားစဉ်အတွင်းသာ ပြုလုပ်လေ့ရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အရင်တုန်းကဆိုရင်တော့ လက်နက်ကြီးပစ်တာမျိုးရှိတယ်။ ဒါပေမဲ့ လက်နက်ငယ်တွေရော၊ လက်နက်ကြီးတွေရော တောက်လျောက်ဆက်တိုက်ပစ်တာမျိုးမရှိဘူး။ နောက်ပိုင်းခါကြတော့ လက်နက်ကြီးလည်း တောက်လျောက်ပစ်တယ်။ တစ်နာရီခွဲ နှစ်နာရီနီးပါးလောက်ကြာတယ်။ သူ့တပ်ပတ်ဝန်းကျင် အနီးနားလေးကို ပစ်တယ်။ ပြီးတော့ လက်နက်ငယ်တွေပါဖောက်တယ်။ ဒါတွေက ကျတော်တို့သုံးသပ်ရသလောက်ဆို တိုက်ပွဲတုလုပ်တယ်ပဲ ကျွန်တော်တို့သုံးသပ်တာပေါ့” ဟု ၎င်းကပြောသည်။
လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက တိုက်ပွဲတု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း KNDFစစ်ရေးမှတ်တမ်းများအရ သိရသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ MPAသို့ အတည်ပြုသည်။
ယင်းအပြင် ဘော်လခဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီကျော်ကြာ ပစ်ခတ်မှုပြုလုပ်ပြီး ပြည်သူလူထုအား အကြောက်တရားများသွင်းနေသည်ဟု ဘော်လခဲ ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။
“ ၂၀၂၄ ဒုတိယလလောက်ပေါ့၊ လက်နက်ကြီးတွေက မြို့ထဲကို တော်တော်ကျတာ၊ ကျတော်တို့က ဘောလခဲထဲက ဘုန်းကြီးကျောင်းတစ်ခုမှာခိုနေတဲ့အချိန်ပေါ့။ အဲ့ဒီနေရာကိုပါ လက်နက်ကြီးကျတယ်။ လက်နက်ကြီးထိပြီးသေတဲ့သူတော့မရှိပေမဲ့ အိမ်တွေပျက်စီးတာပေါ့။ အိမ်ထဲပြန်ပြီး ပစ္စည်းမယူရဲလို့ ဒီတိုင်းထွက်ပြေးကြရတာ၊ စိတ်ချရတဲ့နေရာရောက်မှ ဘာတိုက်ပွဲမှမဖြစ်ဘူးဆိုတာ သိတာ၊ သူတို့ဟာသူတို့ပစ်နေကြတာ တစ်နာရီလောက်ကြာတယ်။သေနတ်သံတွေရော လက်နက်ကြီးသံတွေရောကြားနေရတာပေါ့” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက တိုက်ပွဲအတုများ ဖန်တီးခြင်းကြောင့် ပြည်သူများ၏ အကျိုးစီးပွားများထိခိုက်သည့်အပြင် တိုက်ပွဲများကို ဗန်းပြကာ စစ်တပ်က အကျိုးစီးပွားရှာဖွေနေခြင်းဖြစ်သည်ဟု ကရင်နီပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ တိုက်ပွဲတုတွေလုပ်တော့ နောက်ဆက်တွဲဘာတွေဖြစ်လာလဲဆို သူတို့(စစ်တပ်)ရည်ရွယ်ချက်က ဘာလဲသေချာမသိပေမဲ့ လူထုတွေကမနေရဲတော့ဘူး။ အဲ့ဒီနေရာနဲ့ဝေးရာကိုသွားကြတယ်။ သွားတဲ့အခါ သူတို့အိုးအိမ်တွေကျန်ခဲ့တယ်။တန်ဖိုးရှိတဲ့ပစ္စည်းတွေကအစ ကျန်ခဲ့တယ်။ အဲ့ဒါတွေကို နောက်မှာ ခိုးတာဝှက်တာမျိုးတွေကို စစ်ကောင်စီကလုပ်တယ်။ အဲ့ဒီလိုလုပ်တဲ့သူတွေကိုလည်း စစ်ကောင်စီကခွင့်ပြုထားတယ်။ အဲ့ဒီလိုလူတွေနဲ့ပဲ မြို့ကလုံးချာပတ်ချာကျန်နေခဲ့တာ။ တကယ့်လူထုအစစ်အမှန်ဒေသခံတွေက ရှောင်နေရတာ” ဟု ၎င်းက ပြောသည်။
ကရင်နီအခြေစိုက် စစ်ကောင်စီတပ်များသည် တိုက်ပွဲတုများပြုလုပ်ပြီး အထက်သို့တင်ပြကာ လက်နက်ခဲယမ်းနှင့် ကျည်များကို စာရင်းလိမ် ရောင်းချမှုများပြလုပ်နေခြင်းဖြစ်သည်ဟု ကရင်နီပြည်နယ်၊ ဒီးမော့ဆို အရှေ့ခြမ်း၌ နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ ရွာထဲကို စစ်သားတွေလာတဲ့အခါ ကျည်ဆံတွေနဲ့ ၄၀မမ ဗုံးသီးတွေ ရောင်းတာမျိုးရှိတယ်။ သေနတ်ရောင်းတာလဲရှိပေမဲ့ တော်တော်ရှားတယ်။ ကျည်ကတော့ ခဏခဏရောင်းနေတာပဲ၊ အဲ့ကျည်ကို ရွာသားတွေက ရောင်းလို့ရတဲ့နေရာမှာ ပြန်ရောင်းစားကြတာပေါ့။ အဲ့ဒီတော့ တိုက်ပွဲတုလုပ်တာက ပြည်သူကိုဒုက္ခရောက်စေရုံတင်မကဘူး သူတို့ကတိုက်ပွဲတုမှာ ကျည်ဘယ်လောက်၊ ဗုံးသီးဘယ်လောက်ကုန်ပါတယ်ဆိုပြီး စာရင်းလိမ်တင်၊ အဲ့ဒီကရတဲ့ပိုက်ဆံနဲ့ စီးပွားဖြစ်နေကြသေးတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ရက်က ဘောလခဲနှင့် ဖားဆောင်းမြို့နယ်ကြားရှိ စစ်ကောင်စီတပ်၏ ထူးချောင်းပင်မစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေးပိုမိုအဆင်ပြေလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ အခြေစိုက်တပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ခုနှစ်လကျော်တိုက်ခိုက်နေပြီး သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က MPA သို့ပြောကြားထားသည်။