By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းနှင့် စစ်တပ်စခန်းချထားသည့် စာသင်ကျောင်းကို PDF တပ်ဖွဲ့များက သန်းခေါင်ကျော်အချိန် အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ရက်၊ နံနက် သန်းခေါင်ကျော် တစ်နာရီခန့်တွင် မြင်းမူမြို့မရဲစခန်းနှင့် အထကတစ် စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ မိနစ်နှစ်ဆယ်ခန့် ဖြစ်ပွားခဲ့ကြောင်း Dog Killers People’s Defence Force Myinmu (DKPDF-MMU) အဖွဲ့ထံက သိရသည်။
” ရဲစခန်းနဲ့ကျောင်းနဲ့က ကပ်လျက်ဗျ။ ရဲစခန်းကို အဓိကထားတိုက်တာ။ အထိအခိုက် အကျအဆုံးကို မသိရဘူး။ အဓိက ရည်ရွယ်ချက်က သူတို့(စစ်ကောင်စီ)က မြို့ပေါ်မှာ ထောင်ထောင်ထောင် လုပ်နေ တယ်ဗျာ။ ကျတော်တို့က ဘာမှသွားမလုပ်ဘူး။ ကျတော်တို့က ကြောက်တယ်ထင်နေတာ။ ကျတော် တို့ လုပ်နိုင်တယ်၊ မလုပ်ချင်လို့ မလုပ်တာဆိုတာမျိုး သိအောင်မို့ လုပ်တာပါ” ဟု Dog Killers People’s Defence Force Myinmu (DKPDF-MMU) အဖွဲ့မှ ရဲဘော်ညီညီက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲသည့် RPGအဖူးတစ်လုံးလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” သူတို့ဘက်က လက်နက်ကြီးရမ်းပစ်တာတွေရှိတယ်။ ဈေးထဲမှာ ၆၀(မမ)တစ်လုံး၊ ဈေးအပြင်ဘက်မှာ တစ်လုံး။ ပြီးတော့ ကျတော်တို့ပစ်တဲ့ဘက်ကို RPG တစ်လုံးပစ်တယ်။ RPG ကတော့ မကွဲဘူးဗျ။ ကျတော်တို့တောင်ကောက်ယူခဲ့ပါသေးတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် အောက်တိုဘာ၁၇ရက်၊မိုးလင်းသည့်အချိန်တွင် မြို့ထဲ၌ လုံခြုံရေးတင်းကျပ်ခြင်းမျိုးမရှိသလို မြို့ခံပြည်သူများကလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DKPDF-MMU)၊ Moe Nyo Revolution Force MNRFနှင့်စစ်ကိုင်းမြို့နယ်တိုက်ခိုက် ရေးတပ်ခွဲနှစ် တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။