By Nway / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် PDF ရှိသည်အထင်ဖြင့် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ရက်၊ ည ၁၁နာရီခွဲခန့်တွင် ဒီပဲယင်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပကဖထံက သိရသည်။
” မနေ့မနက်က ဒီပဲယင်းမြို့မရဲစခန်းအနောက်ဘက်မှာ ထိတွေ့မှုဖြစ်သွားတယ်။ အဲဒီတော့ မြို့ပေါ်မှာ PDF တွေရှိနိုင်တယ်ဆိုပြီး ပစ်တာဖြစ်လိမ့်မယ်။ ကျတော်တို့ရဲဘော်တွေရော၊ ပြည်သူတွေရော အထိအခိုက်မရှိပါဘူး ” ဟု ဒီပဲယင်းမြို့နယ်ပကဖ၊ စစ်ရေးတာဝန်ခံက MPA ကို ပြောသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို စုံစမ်းရန် ခက်ခဲကြောင်း ၎င်းကပြောသည်။
အောက်တိုဘာ ၁၇ရက်၊ နံနက်ရှစ်နာရီခွဲခန့်က ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး တစ်ဦးအား အရှင်ဖမ်းမိ၍ MA1 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပကဖက သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုအပြီး အောက်တိုဘာ၁၇ရက်၊နံနက် ကိုးနာရီခွဲကျော်တွင် ဒီပဲယင်းမြို့ပေါ်ရှိ ပြည်သူနေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့သေးသည်။
ဒီပဲယင်းမြို့ကို ဩဂုတ် ၁၈ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်း၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကာ ရဟတ်ယာဉ်ဖြင့် စစ်ကူချပေးခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ဒီပဲယင်းမြို့မှပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။