By Ra Wai / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည် တပ်မိသားစုဝင် ၁၉၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန် သည်။
သီပေါမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ၅၀၃ နှင့် ၅၀၄ စခန်းတို့ကို သိမ်းပိုက်စဉ် ဖမ်းဆီးမိခဲ့သည့် တပ်မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားသောအားဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ကားလေးစီးဖြင့် စစ်ကောင်စီထံသို့ ပို့ဆောင် ပေးခဲ့ကြောင်း TNLA က ယနေ့(အောက်တိုဘာ ၁၄ ရက်)ည ထုတ်ပြန်သည်။
“ နိုင်ငံတကာကပြဌာန်းထားတဲ့ ဥပဒေတွေကို လေးစားစောင့်ထိန်းကြောင်း TNLA က ပြသ လိုက်တာပဲ။TNLA တို့ MNDAA တို့က လူသားချင်းစာနာထောက်ထားစိတ်ကိုအဲဒီလို လက်တွေ့ ပြသခဲ့ပေမဲ့ စစ်တပ် ကတော့ ပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတာ လားရှိုးဖြစ်စဉ်တွေ က အနီးဆုံးသက်သေတွေပဲ” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
စက်တင်ဘာ ၂၆ ရက်တွင် သီပေါမြို့ရှိ ၅၀၃ တပ်စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ယင်းတပ်အတွင်းရှိ ကျား ၁၁ ဦး၊ မ ၄၈ ဦး၊ ကလေး ၄၃ ဦး စုစုပေါင်း တပ်မိသားစုဝင် ၁၀၂ ဦးအား ဖမ်းဆီးမိခဲ့ကြောင်းစက်တင်ဘာ ၂၇ ရက်တွင်လည်း ၅၀၄ တပ်စခန်းကို ထပ်မံသိမ်းပိုက်စဉ် ကျား ၁၆ ဦး၊ မ ၃၉ ဦး၊ ကလေး ၃၄ ဦးစုစုပေါင်း တပ်မိသားစုဝင် ၈၉ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ ရက်တွင် နောက်ဆုံးကျန်ရှိသည့် သီပေါမြို့၊ ခလရ ၂၃ တပ်စခန်းကို TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ သီပေါမြို့အား အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း TNLA ကဆိုသည်။
ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၁၂ နာရီကျော် (သန်းခေါင်ယံ) တွင် လားရှိုးမြို့အနီးရှိ၊ လူနေထူထပ်သော အီနိုင်းရွာထဲသို့ စစ်ကောင်စီတပ်က သန်းခေါင်ယံအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ဒေသခံပြည်သူသုံးဦးသေဆုံးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းလည်း ပျက်စီးခဲ့သည်။