By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ရွာတောင်ပိုင်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၁၄ရက်) နံနက်အစောပိုင်းက ရေစကြိုမြို့နယ်၊ ခလရ ၂၅၇၊ ၂၅၈မှ ထွက်လာသည့် အင်အား ၅၀ဝန်းကျင်ပါ စစ်ကြောင်းသည် ကံသစ်ရွာတောင်ပိုင်းရှိ နေအိမ်နှင့် တဲတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖထံက သိရသည်။
” ဒီနေ့ မနက်မှ ထွက်လာတာ။ ကံသစ်ဆိုတာလည်း တပ်နားလေးကရွာပါပဲ။ စစ်ကြောင်းက အဲ့မှာပဲရှိသေးတော့ အခြေအနေတော့ မသိရသေးဘူး။ ရွာတောင်ဖျားက တဲတွေလို့ပြောတယ်။ သေချာတော့ ကျနော်တို့ သွားမကြည့်ရသေးဘူး” ဟု ရေစကြိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ကံသစ်ကျေးရွာသည် ခလရ ၂၅၇၊ ၂၅၈ဘေးရှိ ကျေးရွာဖြစ်ပြီး ရွာထဲရှိ ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။
” စစ်ရှောင်က အနည်းအကျဉ်းပဲရှိမှာဗျ။ တပ်နားကရွာဆို သိပ်မရှောင်ကြဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့မွန်းလွဲ တစ်နာရီမခွဲခင်အထိ ကံသစ်ရွာထဲ၌သာရှိနေသေးပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။
အောက်တိုဘာ ၁၁ရက်နေ့က ရေစကြိုမြို့နယ်၊ ခလရ ၂၅၆မှ ထွက်လာသည့် စစ်ကြောင်းကို PDFတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်သိမ်းဆည်းရရှိခဲ့ကာ PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်ထားသည်။