By Ra Wai / MPA
လားရှိုးမြို့အနီးရှိ၊ လူနေထူထပ်သော အီနိုင်းရွာထဲသို့ စစ်ကောင်စီတပ်က သန်းခေါင်ယံအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူသုံးဦးသေဆုံးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ၁၄ရက်)နံနက်၁၂နာရီကျော်(သန်းခေါင်ယံ)တွင် အီနိုင်းရွာထဲသို့ စစ်တပ်က ပေါင်၅၀၀ ဗုံး နှစ်လုံးအပါအဝင် ဗုံး၇လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကြီးတစ်ဦးနှင့်လေးနှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း လားရှို့မြို့ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန် သည်။
“အီနိုင်းရွာဆိုတာ လားရှိုးအထွက်နားမှာပဲ။တလောက စစ်တပ်ဗုံးကြဲတာ လားရှိုးမြို့ရဲ့ နာမည်ကြီး တရုတ်ဘုံကျောင်းထိ တယ်။အခုကတော့ ခရစ်ယာန်ဘုရားကျောင်းပေါ့။စစ်တပ်က ပြည်သူသတ်ပြီး ဘာသာရေးအ ဆောက်အအုံတွေပါမချန် ဗုံးကြဲနေတာ နိုင်ငံတကာကလည်း ကန့်ကွက်ရှုတ်ချတဲ့အသံလောက်ပဲ ထွက်နိုင်တော့ မင်းအောင်လှိုင် ထင်တိုင်းကြဲနေတော့တာပေါ့”ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲ ဘော်တစ်ဦးကပြောသည်။
ပေါက်ကွဲအားပြင်းထန်သော ဗုံးများကြောင့် လူနေအိမ် ငါးလုံးကျော်ပျက်စီးခဲ့သည့်အပြင် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းဝင်းအတွင်းရှိ ခန်းမတစ်ခုနှင့် လက်ရှိဖွင့်နေဆဲဖြစ်သည့် မူကြိုကျောင်းတစ်ကျောင်းလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယနေ့အချိန်ထိ လားရှိုးမြို့နှင့်အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး စစ်တပ် လေကြောင်းတိုက်ခိုက်သည့်နေရာများမှာ စစ်ရေးပစ်မှတ် မဟုတ်သည့် လူနေအိမ်၊ စာသင်ကျောင်း၊ဈေးနှင့် ဘာသာရေးအဆောက်အအုံများဖြစ်ကြောင်း လားရှိုးမြို့ပြန်လည် ထူထောင်ရေးက ဆိုသည်။