By Ko Paing / MPA
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း မိုင်းဆွဲခံရပြီး အထိနာခဲ့သည့် စစ်ကြောင်းသည် ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ဝိုင်းအုပ်စုကျေး ရွာရဲ ကင်းစခန်းမှ ရေတာရွာဘက်သို့ ကင်းပတ်ထွက်လာသည့် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို ဝိုင်းရွာထိပ် အုပ်စုဆေးပေးခန်းအနီး၌ မိုင်း လေးလုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆေးခန်းအနီးဝန်း ကျင်ရှိ အမျိုးသား၊အမျိုးသမီး ၂၀ခန့်အား ဝိုင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သာယာဝတီခရိုင် အမှတ်တစ်တပ်ရင်း၊ တပ်ခွဲငါး- ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ ထံက သိရသည်။
“ခွေးတစ်ကောင်နဲ့တစ်ကောင်က ခြောက်တောင်အကွာ သွားတာ။ကျတော်တို့ မိုင်းကွင်းကလည်း တစ်လုံးနဲ့တစ်လုံး ရှစ်တောင်အကွာ လေးလုံးပဒေသာမိုင်းကြီးတွေကို ခွာထောင်ထားရတာ။ကျတော့် ရဲဘော်တွေက မိုင်းကွင်းလည်းဖြတ် ရော ခွဲချလိုက်တာ။အတော်လေး ထိခိုက်သေဆုံးသွားတယ်” ဟု သာယာဝတီခရိုင် အမှတ်တစ် တပ်ရင်း၊ တပ်ခွဲငါး- ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုမိုးကြိုးလေး ကMPAသို့ ပြောသည်။
ဖမ်းဆီးသွားသည့် ဒေသခံ၂၀ခန့်ကို ယနေ့(အောက်တိုဘာ၁၄ရက်)နံနက်ပိုင်းအထိ ပြန်မလွှတ်သေး ကြောင်း သိရသည်။
မိုင်းဆွဲခံရပြီးနောက် သေဆုံးစစ်သားများကို ဝိုင်းရွာ သင်္ချိုင်းကုန်းသို့ သယ်ဆောင်သွားပြီး ဒဏ်ရာရရှိသူများအား ဝိုင်းရွာရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရသည်။
“အဲ့ဒီမှာပဲမိုင်းဆွဲခံရပြီး လိုက်ပြီးလှည့်ပတ်ပစ်နေပြီးတော့ ဆေးခန်းအနားကလူတွေ စနက် မကင်း ဘူးဆိုပြီး အမျိုးသမီး၊အမျိုးသား ၂၀ လောက်ကို ဖမ်းခေါ်သွားတယ်။ဝိုင်းရွာရဲစခန်းကို သူတို့ပြန်ဆုတ် ပြီး ကျတော်တို့ကို ပတ်ဝိုင်းသေးတာ။တခြားရွာတွေကိုရော၊ ဂမုန်းဆည်အနီးကိုရော အင်အားအများ အပြားနဲ့ လှည့်ပြီး စစ်ကြောင်းထိုးသေးတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်တပ်သည် အနီးဝန်းကျင်ကျေးရွာများကိုပါ အင်အားဖြည့် စစ်ကြောင်းထိုးခဲ့ကြောင်းသိရသည်။