By Maung Dagon / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိကြီးများပင် ဒရုန်းနှင့် ပတ်သက်သည့် တိုက်ခိုက်ရေးဗျူဟာအား လေ့လာထားမှုမရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်တစ်ဦး၏ ဝန်ခံရေးသားထားမှုအရသိရသည်။
DSA အပတ်စဥ် ၃၅ ဆင်း စစ်တပ်အရာရှိ တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စိုးညွန့်က ၁၀၂၇ စစ်ဆင်ရေး မတိုင်မီထိ ဒရုန်းသုံး တိုက်ခိုက်ရေး ဗျူဟာများအား လေ့လာထားမိခြင်း မရှိခဲ့ကြောင်း ၎င်းဘာသာပြန် ရေးသားထားသည့် ဒရုန်းစစ်ပွဲများ စာအုပ်၌ ၀န်ခံထားသည်ကို တွေ့ရသည်။
” ယခုအခါ အဆိုပါ ဒရုန်းများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်လျက် ရှိသော တော်လှန်ရေးတပ်ဖွဲ့များက(မူရင်း-အကြမ်းဖက်သောင်းကျန်းသူများ) ဆန်းသစ် တီထွင်အသုံးချ၍ တိုက်ခိုက်မှုများအား ပြုလုပ်လာသည့် အချိန်မှသာလျှင် ဤ ဒရုန်း စစ်ပွဲများ အကြောင်း စိတ်၀င်စားလာခြင်း ဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံရမည် ဖြစ်ပါသည်” ဟု ဗိုလ်မှူးချုပ် စိုးညွှန့်က ၀န်ခံရေးသားထားသည်။
အဆိုပါ စာအုပ်သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးခင်နှင့် လောက်ကိုင်အား သိမ်းပိုက်ပြီးနောက် ကာလအတွင်း အလျင်အမြန် ဘာသာပြန်ရေးသားပြီးနောက် အောက်တိုဘာလအတွင်း ထွက်ရှိလာခြင်းဖြစ်သည်။
” စာအုပ်မှာ ဘာသာပြန်ထားတာတွေက ရှင်းရှင်းလင်းလင်း မရှိဘူး။ စာရေးသူကိုယ်တိုင်လည်း သူ မကျွမ်းကျင်ဘဲ ဘာသာပြန်ထားကြောင်း ၀န်ခံထားသေးတယ်။ အထက်က အမိန့်အရ ဘာသာ အမြန်ပြန်လိုက်တဲ့ ပုံပဲ” ဟု အဆိုပါ စာအုပ်အား ဖတ်ရှုထားသူ တစ်ဦးက မှတ်ချက်ပေးသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့် တတိယလှိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များသည် စစ်ကောင်စီစခန်းများ၊ တပ်ရင်းများနှင့် ဌာနချုပ်များကို ဒရုန်းဗုံးသီး နှစ်သောင်းခွဲခန့်အသုံးပြုတိုက်ခိုက်ခံရမှုကြောင့် စစ်တပ် အထိနာခဲ့ကြောင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
“ အခု ပြည်တွင်းစစ်မှာ သုံးနေတဲ့ ဒရုန်းတွေက စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ သုံးတဲ့ ဒရုန်းတွေကို အဆင့်မြှင့်ထားတာ၊ စစ်ပွဲအသုံးပြုတဲ့ ဒရုန်းတွေမဟုတ်ဘူး။ ဒါတောင် စစ်တပ်အတော်အထိနာတယ်။ အခုလိုသူတို့ အထိနာတော့ တရုတ်ဘက်ကတွေ ဒရုန်းတွေမှာတယ်လေ၊ ဒါပေမဲ့ ခေတ်သစ်စစ်ပွဲတွေမှာ နည်းပညာနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ ဗမာစစ်တပ်က ဒရုန်းတွေဝယ်တယ် ၊ ဒါပေမဲ့ သူတို့ဘက်က အခုနည်းပညာတွေကို လိုက်မီနိုင်တဲ့ အရည်အချင်းမရှိဘူးလေ “ ဟု ၎င်းက ရှင်းပြသည်။
ဒရုန်းစစ်ပွဲများ စာအုပ်ကို ရေးသားခဲ့သည့် ဗိုလ်မှူးချုပ် စိုးညွှန့်သည် ဒရုန်း နည်းပညာ ထွန်းကားသော အစ္စရေး နိုင်ငံ အပါအ၀င် တရုတ်၊ အိန္ဒိယ၊ ပိုလန်၊ ထိုင်း စသည့် နိုင်ငံများ၌ စစ်ကောင်စီတပ်၏ အရာရှိအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူ ဟု သိရသည်။
ထိုကဲ့သို့ အဆင့်မြင့် အရာရှိများပင် ဒရုန်း အသုံးပြုတိုက်ခိုက်ရေးဗျူဟာအား မကျွမ်းကျင်ဟု ၀န်ခံကြသော်လည်း စစ်လော်ဘီများကမူ စစ်ကောင်စီ ဥက္ကဌက တော်လှန်ရေး တပ်ဖွဲ့များအား သနားဂရုဏာရှိ၍ မသုံးခြင်းဟု ၀ါဒဖြန့်ကြသည်။
“ UAV ကင်းထောက်မှုကို ချက်ချင်း Action ယူနိုင်ဖိုအတွက် ယူကရိန်း -ရုရှားစစ်ပွဲတွေမှာ Rocket တွေတပ်ဆင်လာခဲ့ကြပြီး ရန်သူ့ Target တွေကို Intercept လုပ်လာကြပါတယ်။ ဒါပေမဲ့ နစက ဥက္ကဋ္ဌက သဘောထားကြီးဟန်တူပါတယ်။ UAV တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ခဲ့တာတွေ့ရပါတယ်. “ ဟု စစ်လော်ဘီတစ်ဦးက ဝါဒဖြန့်သည်။
စစ်ကောင်စီသည် ၎င်းတို့ အထိနာခဲ့သော ရှမ်းမြောက်နှင် ရခိုင်ပြည်နယ် တိုက်ပွဲများတွင် တော်လှန်ရေး တပ်များ၏ ဒရုန်းသုံး တိုက်ခိုက်မှုများကို မယှဥ်နိုင်သဖြင့် အရေးနိမ့်ခဲ့ပြီးနောက် တရုတ်နှင့် ရုရှားတို့ထံမှ စစ်ဘက်သုံး နှင့် အရပ်ဘက် စစ်ဘက် တွဲသုံးနိုင်သော ဒရုန်းများအား ဝယ်ယူကာ တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းများအရ သိရသည်။