By Ko Paing / MPA
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း People’s Defense Force-Yenangyaung ကယနေ့(အောက်တိုဘာ၁၁ရက်)သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁၀ ရက်၊နေ့ခင်းပိုင်းတွင် ရေနံချောင်းမြို့နယ်၊ကြွယ်ပုံရွာ၌ ညအိပ်စခန်းချပြီး ရေနံချောင်းမြို့ပေါ်သို့ပြန်လာသည့် အင်အား ၅၀ ပါစစ်ကားကို မိုင်းဆွဲကာ ဝိုင်းဝန်းပစ်ခတ် ခဲ့ခြင်းဖြစ်သည်။
“မနေ့က (အောက်တိုဘာ၁၀ရက်)နေ့လယ်မှာ ကြွယ်ပုံရွာကနေ ရေနံချောင်းကို ကားနဲ့အပြန်မှာ ရွာအထွက်နဲ့ မလှမ်းမကမ်းမှာ မိုင်းဆွဲပြီး ဝိုင်းပစ်တာပါ” ဟု People’s Defense Force-Yenangyaung တာဝန်ခံ ကိုစံသျှား ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီကားသည် သေဆုံးဒဏ်ရာရများ တင်ဆောင်ကာ ရေနံချောင်းမြို့ပေါ်သို့ ပြန်သွားကြောင်းသိရသည်။
စက်တင်ဘာ ၂၃ ရက်၊ညနေပိုင်းတွင်လည်း မကျီးကန်ကျေးရွာအုပ်စုအတွင်း တိုက်မိုင်းမိ၍ စစ်သားနှစ်ဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့သေးကြောင်းကိုစံသျှားက ဆိုသည်။
ယင်းစစ်ကြောင်းတွင် ခလရ ၇၇ တပ်ရင်းမှ စစ်သားများ၊ရဲများနှင့်ပျူစောထီးများပါဝင်ပြီး ကုက္ကိုခွ၊ကန်လေးကုန်းနှင့်ကြွယ်ပုံရွာ ဝန်းကျင်တို့၌ ၁၅ ရက်ခန့်လှည့်လှည် စစ်ကြောင်းထိုးခဲ့ကာ ကုက္ကိုခွကျေးရွာမှ ဆိုင်ကယ် ခုနှစ်စီးနှင့် ဖုန်း ငါးလုံး လုယက်သွားသေးကြောင်းသိရသည်။
အောက်တိုဘာ၁၀ရက်နေ့ တိုက်ခိုက်မှုများကို People’s Defense Force-Yenangyaung၊Tamar Myay Special Column(တမာမြေအထူးလှုပ်ရှားစစ်ကြောင်း)နှင့် အင်တောတိုက်နယ်(ပကဖ)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။