By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ ဌာနဆိုင်ရာယန္တရားမှာ နှစ်လကြာသည့်တိုင် ရပ်နေဆဲဖြစ် ကြောင်းသိရသည်။
ဩဂုတ် ၁၀ရက်တွင် နွားထိုးကြီးမြို့ကို PDFပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ယင်းနေ့၌ ပြန်လည်ဆုတ်ခွာသွားခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားသော ဌာနဆိုင်ရာဝန်ထမ်းများမှာ ယနေ့ (အောက်တိုဘာ ၁၁ရက်)အထိ ပြန်မလာသေးကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။
“ သူတို့လည်ပတ်နိုင်တာ ဘာရှိမလဲဆို အုပ်ချုပ်ရေးပိုင်းဆိုင်ရာပေါ့။ ဒါတောင် ဥက္ကဌ(ရပ်ကွက်အုပ်ကြီး)တွေက အသက်စိုးရိမ်ရလို့၊ သူတို့ (စစ်တပ်)ကို ကြောက်လို့ လုပ်နေရတဲ့ အနေအထားဗျ။ တခြားရုံးပိုင်းဆိုင်ရာမှာ ဘာမှ လည်ပတ်နိုင်တာမရှိဘူး။ ဒါပေမဲ့၊ မြို့ကနေကျော်ပြီး ကျေးရွာတွေမှာတော့ သူတို့ ယန္တရားကတော့ လုံးဝပျက်သွားပြီ “ ဟု နွားထိုးကြီးမြို့နယ်ပကဖမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသည့် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်ဝင် ရောက် ခြင်းမရှိသေးဘဲ စီးပွားရေးလုပ်ငန်းရှင်အချို့သာ ပြန်လည်ဝင်ရောက်နေထိုင်နေကြောင်း ၎င်းကပြောသည်။
“ ကုန်စုံဆိုင်လိုဟာမျိုး ဖွင့်ထားတဲ့သူတွေဆို ပြန်နေကြတယ်။ ဘာလို့ဆို သူတို့က မြို့ထဲက ပစ္စည်းကို အပြင်လည်း အထွက်မခံဘူး။ အထွက်မခံတော့ စီးပွားရေးသမားတွေကျ ပြန်နေကြတဲ့ အနေအထားလေ။ အကုန်တော့ပြန်မဝင်ကြသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
မြို့ပေါ်၌ လူသွားလူလာရှိသော်လည်း ယခင်လိုစည်ကားခြင်းမရှိတော့ကြောင်း သိရသည်။
နွားထိုးကြီးမြို့ပေါ် ရဲစခန်း၊ မြို့နယ်တရားရုံးနှင့် အထကတစ်ကျောင်းတို့၌ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားပြီး မြို့ထဲ၌ အင်အားအများအပြားဖြင့် ကင်းပတ်လေ့ရှိကြောင်း ၎င်းကပြောသည်။
” မြို့ပြင်ထွက် ကင်းပုန်းဝပ်တာမျိုးတော့မရှိဘူးဗျ။ မြို့ထဲမှာ ကင်းပတ်တာမျိုးတော့ ရှိတယ်။ အရင်ကဆို ကင်းပတ်တာဆို ကားတစ်စီးလောက်နဲ့ထွက်တာ။ ခုတော့ အဲ့လိုမထွက်ရဲဘူး။ ကား နှစ်စီး၊ သုံးစီးလောက်နဲ့ထွက်တာ။ မြို့အဝင်အထွက်လည်း တင်းကျပ်တာမျိုးတော့ မရှိတော့ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ဩဂုတ် ၁၀ရက်၊ နွားထိုးကြီးမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၂၇လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။


