By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်လက်နက်ကြီး၊ငယ် ၄၀၀ကျော်နှင့်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက သတင်းထုတ်ပြန်သည်။
ပင်လည်ဘူးမြို့ကို ဩဂုတ်၁၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာရှစ် ရက်၌ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယခု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲသည် ငါးကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲများအတွင်း အသက်စွန့် ကျဆုံးခဲ့ရသော ရဲဘော်များနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်များကို လေးစားစွာဂုဏ်ပြုကြောင်းလည်းအမှတ်တစ်စစ်ဒေသက ထုတ်ပြန်ထားသည်။
“ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ PDF တပ်ပေါင်းစုရဲ့ ညီညွတ်မှုအင်အားကို အကောင်းဆုံးပြသနိုင်ခဲ့ ပါတယ်။မြို့သိမ်းတိုက်ပွဲမှာ ဒေသခံPDFတပ်ရင်း၊တပ်ဖွဲ့တွေတင်မကဘူး။ကျတော်တို့စစ်ကိုင်းတိုင်း ထဲက တပ်ရင်းတွေပါ MOD (NUGကာကွယ်ရေးဝန်ကြီးဌာန)ရဲ့ ကွပ်ကဲမှုအောက်မှာ တကယ့် တိုက်ပွဲ ကြီးတွေ ဝင်တိုက်ပြီး လက်တွေ့သင်ကြားခွင့်ရခဲ့တယ်” ဟု ယင်းမာပင်ခရိုင်PDF ရဲဘော်တစ်ဦးက ပြောသည်။
မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား၇၀ခန့် သေဆုံး၊၂၇၅ဦးပျောက်ဆုံး၊၂၂၅ဦးဒဏ်ရာရ (၆၀ စိုးရိမ်ရ)၊အလင်းဝင်၄၈ဦးနှင့် စစ်သုံ့ပန်း၁၀၂ ဦး ရှိပြီး စစ်သားများ မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို တွေ့ရကြောင်း စစ်ကောင်စီတပ် အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်း ဘိန်းဖြူနှင့်ဘိန်းမဲများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
PDFတို့၏ မြို့သိမ်းတိုက်ခိုက်မှုကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်၆၇၀ကျော်ဖြင့် ခုခံခဲ့ပြီး ဗုံးအလုံး ၅၀၀၀ကျော် ကြဲချခဲ့ကြောင်း သိရသည်။
“စစ်တပ်ရဲ့ ထူးခြားချက်ကတော့ PDFတွေ လာတိုက်ပြီဆိုတာနဲ့ သူတို့အရင်ဆုံးလုပ်တာက လေ ကြောင်းပစ်ကူလှမ်းခေါ်တာလို့ ထင်ရတယ်။မြေပြင်မှာ အခြေအနေမကောင်းဘူးဆိုတာနဲ့ ပြေးဖို့ပဲ ချောင်းကြတော့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြို့သိမ်းတိုက်ပွဲကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူးရဲ့ ကွပ်ကဲမှုနဲ့ ကောလင်းခရိုင်၊ ရွှေဘိုခရိုင်၊တမူးခရိုင်၊မော်လိုက်ခရိုင်၊ကလေးခရိုင်၊ယင်းမာပင်ခရိုင်၊မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင် PDF တပ်ရင်း၊တပ်ဖွဲ့များအပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ပကဖ အဖွဲ့များစွာတို့လည်း ပူးပေါင်း ဆင်နွှဲခဲ့ကြောင်း အမှတ်တစ်စစ်ဒေသ ကထုတ်ပြန်ထားသည်။


