By Hlaing / MPA
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့နှင့် နန့်မွန်းမြို့၌ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က အရပ်သားပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ နန့်မွန်းမြို့ အဝင်အထွက်ဂိတ်များတွင် SNAက ပေါ်တာဆွဲမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း အသက် ၃၀အရွယ် အင်းတော်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
“ အောက်တိုဘာ ငါးရက်က ကျတော့်ရဲ့ အသိတစ်ယောက်အပါအဝင်လေးယောက် မိုးညှင်းကနေ ဖားကန့် တာမခံရွာဘက်ကို အပြန် နန့်မွန်းမြို့အဝင်ဂိတ်မှာ SNA ဖမ်းဆီးတာကိုခံလိုက်ရတယ်။ ဖမ်းဆီးထားတယ်ဆိုတာကို အိမ်တွေကို စာပို့တယ်။ အင်းတော်ကြီးအကျော်က နန့်မွန်းမှာ SNA တွေ အတော်ဆိုးနေတာ ” ဟု ၎င်းက MPA သို့ပြောသည်။
ထို့ပြင် ဖားကန့်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် အင်းတော်ကြီးမြို့သို့ နေရပ်ပြန်ကြသူများနှင့် စစ်ရှောင်ကြသည့် လူငယ်၊ လူလတ်ပိုင်းများကိုလည်း စစ်ကောင်စီတပ်နှင့် SNA တပ်များက ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ ဂိတ်ထိုင်ရင်တော့ SNA တွေများတယ်။ စစ်ကောင်စီတပ်သားတွေက နည်းတယ်။ နန့်မွန်းဂိတ်ထိုင်တာလည်း SNA တွေပဲ၊ အသက်ငယ်ငယ်လေးတွေနဲ့။ SNA တွေက တောလမ်းအရမ်းကျွမ်းတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အသက် ၂၀ အရွယ် မလင်းက ဆိုသည်။
“ စစ်ကိုင်းအထက်ပိုင်း ပင်လည်ဘူး၊ ကောလင်းတို့မှာဖြစ်တဲ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီကပေါ်တာဆွဲထားတာ ပြည်သူ့စစ်သင်တန်းဆင်းတွေ၊ ရှမ်းနီ(SNA) က လူသစ်တွေ များတယ်။ စစ်ကောင်စီတပ်မှာက အင်အားမတောင့်တင်းတော့ဘူးမို့လို့ လူသစ်တွေ ဖမ်းပြီး စစ်ထဲထည့်တာ” ဟု မြေပြင်အခြေအနေသိရှိသူ အသက် ၂၇ နှစ်အရွယ်ရှိနန့်မွန်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီနှင့် SNA တပ်များက မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်းမြို့နယ်များမှ ခရီးသွားပြည်သူများကိုလည်း တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ လေးရက်က ရေးဆွဲခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုပြဌာန်းပြီးနောက် ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများကို စစ်မှုထမ်းရန် လုပ်ဆောင်ခဲ့သည်။
အဆိုပါ ပြည်သူ့စစ်ဥပဒေ အတည်ပြုပြဌာန်းပြီးနောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ်ပြုလုပ်နေသည်မှာ ခုနှစ်လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဖားကန့်မြို့မှ အမျိုးသားတစ်ဦးက ဆိုသည်။
“ ဆယ်ဇင်းရွာအောက်ဘက်တကြောမှာ ဒီနှစ်ပိုင်းအတွင်း တအား ပေါ်တာဆွဲတာ၊ သင်တန်းတစ်ခေါက်ပေးရင် လူပေါင်း ၅၀၀ ပေးရတော့ လူမျိုးမရွေးတော့ဘူး တွေ့တဲ့သူ အကုန်ဖမ်းနေတာ၊ စစ်မှုထမ်းဥပဒေပေါ်လာပြီးနောက်ပိုင်း SNA က ပေါ်တာဆွဲစစ်သင်တန်းပေးတာ သင်တန်း သုံးခုပြီသွားပြီ၊ အခု အပတ်စဉ်လေးရှိပြီလို့ကြားတယ် “ ဟု ၄င်းက ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ လက်ရှိတွင် ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခန္တီး၊ အင်းတော်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ရှစ် ရက်တွင် စစ်ကောင်စီတပ်ရင်းများနှင့်အတူ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ တပ်ရင်း ၆၁၄ တို့ ဆုတ်ခွာသွားကြသဖြင့် ပင်လည်ဘူးမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများထဲတွင် SNA တပ်သားများပါဝင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရသိရသည်။