By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစောထီးရွာမှ ကင်းပတ်ထွက်လာရင်း လူကွဲကျန်ခဲ့သော ရဲတပ်သားကို လက်နက်နှင့်တကွ အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ကိုးရက်၊နေ့ခင်းပိုင်းတွင် အနောက်ဘုန်းကံပျုစောထီးရွာကို ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြည့်နေစဉ် ကင်းပတ်ထွက်လာသော ရဲတပ်သား အာကာဖြိုးအား တွေ့ရှိသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း မြိုင်ပကဖက ယနေ့ ( အောက်တိုဘာ ၁၀ရက် ) သတင်းထုတ်ပြန်သည်။
“ ကင်းပတ်ရင်း လူကွဲပြီးကျန်ခဲ့တာ။ ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံတာမျိုးတော့မရှိဘူးဗျ။ သူ့ကို ဖမ်းဆီးပြီးချိန်မှာတော့ အနောက်ဘုန်းကံရွာထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာမျိုး ရှိတယ် “ ဟု မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ျာက MPA ကို ပြောသည်။
ယင်းရဲတပ်သားနှင့်အတူ G3 သေနတ် တစ်လက်၊လက်ပစ်ဗုံးနှစ်လုံး၊ ကျည်ဘောက်လေးခုနှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့သည်။
အနောက်ဘုန်းကံပျူစောထီးရွာတွင် စစ်ကောင်စီတပ်သား ၃၀ခန့်ရှိပြီး ဘေးပတ်ဝန်းကျင်ရှိကျေးရွာများကို ၈၀ (မမ) လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း သိရသည်။