By Ko Paing / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွာသစ်ကုန်းရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
အောက်တိုဘာကိုးရက်၊ မွန်းလွဲ တစ်နာရီဝန်းကျင်တွင် ပေါက်မြို့နယ်၊ရွာသစ်ကုန်းရွာကို စစ်ကောင်စီတပ်က လေယာဥ်တစ်စင်းဖြင့် ပေါင် ၃၀၀ ဗုံး နှစ်လုံးကြဲချခဲ့ကြောင်း အညာမြေတပ်ပေါင်းစု ထံက သိရသည်။
“ဒီတခါကြဲတာက ဒုတိယအကြိမ်မြောက်ကြဲတာ။အရင်ကြဲတုန်းက ဘုန်းကြီးကျောင်းကိုပဲ ပေါင် ၃၀၀ ဗုံး နှစ်လုံးကြဲချတာ။ဘုန်းကြီးကျောင်းကတော့ အရင်ကတည်းကပျက်နေတာဆိုတော့ ထူးပြီးပျက်စီးတာမျိုးတော့မရှိဘူး။ဘုန်းကြီးကျောင်းနားက နေအိမ်လေး လုံးတော့ပျက်သွားတယ်။ တစ်အိမ်ထဲနေ ပြည်သူ နှစ်ဦး(သူငယ်ချင်း)လည်း ထိခိုက်ဒဏ်ရာရပါတယ်” ဟု အညာမြေတပ်ပေါင်းစု မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် ကMPAသို့ ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားနှစ် ဦးကို PDF တို့က ဆေးဝါးကုသပေးခဲ့ရာ ယနေ့(အောက်တိုဘာ၁၀ရက်)နံနက်ပိုင်းတွင် စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်းသိရသည်။
“ဘုန်းကြီးကျောင်းက ပထမ တစ်ခါပျက်စီးသွားကတည်းက မနေကြတော့ဘူး။အရင်ကတော့ မြိုင်နယ်ဘက်က စစ်ရှောင်တွေ နှစ်ရက်၊သုံးရက် လာလာပြီးနေကြတယ်။ပထမ တစ်ကြိမ် လေ ကြောင်းတိုက်ပြီးကတည်းကကို လာလည်းမလာတော့ဘူး။နေလည်း မနေကြတော့ဘူး။ဒီတစ်ခါက် ဗုံးကြဲတာက အရမ်းတော့ ပျက်စီးမှုမများပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်ခုနှစ်ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ပေါက်မြို့နယ်၊ ရွာသစ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ သက်တော် ၃၀ အရွယ် ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ကလေးငယ် ငါးဦးအပါအဝင် အရပ်သား ၁၃ ဦး ဒဏ်ရာရရှိခဲ့သေးသည်။


