By Ko Paing / MPA
စစ်ကြောင်းပြုတ်သည်အထိ အထိနာခဲ့သည့် ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေကြောင်း သိရသည်။
အောက်တိုဘာငါးရက်မှစတင်ကာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊တရော်တောရွာတွင် ညအိပ် အထိုင်ချကာ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေသည့် အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းသည် ယနေ့(အောက်တိုဘာရှစ်ရက်)၌ အုတ်ကျင်းရွာထဲသို့ သေနတ်များ ပစ်ခတ်ဝင် ရောက်နေ ကြောင်း Budalin Mobile Team-BMTထံကသိရသည်။
“တရော်တောမှာ ညအိပ်တဲ့စစ်ကြောင်းက မွှေနေတာ။ပစ်ခတ်တာ၊ဖမ်းဆီးတာမျိုးတွေလုပ်တယ်။ ဒီနေ့တော့ ကူတော်ရဲစခန်းကိုဝင်မယ်လို့သတင်းရတယ်။မှန်းရတော့ခက်တယ်။ရွာက အထွက်ပြပြီး ပြန်ဝင်ရင်လည်း ဝင်တာ။စစ်ကြောင်းလာတဲ့ တစ်လျှောက်က ရွာတွေတော့ မနေရဲကြဘူး။ကူတော်စခန်းနားက ရွာတွေလည်းမနေရဲကြဘူး” ဟု Budalin Mobile Team-BMT နာယကနှင့်ဘဏ္ဏာရေးတာဝန်ခံ ဆရာဇော်က MPAသို့ ပြောသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာငါး ရက်မှစတင်ကာ ကံဆွယ်၊တရော်တော၊ယုန်လှေးကုန်း ရွာသစ်/ရွာဟောင်း၊ညောင်ကန်၊ရွာသာ၊ကြက်ရိုးကုန်းရွာအပါအဝင် ရွာ၁၈ရွာထက်မနည်းကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး လူသားဒိုင်းအဖြစ် အရပ်သားပြည်သူ အမျိုးသား၁၄ဦးကို ဖမ်းဆီးကာ နှစ်ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ကူတော်တိုက်ပွဲအပြီး လေးရက်အကြာမှာ အခုလို စစ်ကြောင်းတွေထိုးနေတာပဲ။သူတို့စစ်ကြောင်း ထိုးတဲ့ရွာတွေက ကျတော်တို့ရတဲ့သတင်းအချက်အလက်ထက်ပိုပါတယ်” ဟု ၎င်းကဆက်လက်ပြော သည်။
စက်တင်ဘာ ၃၀ ရက်တွင် ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှ ပြန်လာ သည့် အင်အား ၈၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦးအား လက်နက်မျိုးစုံ ၅၆လက်နှင့်အတူဖမ်းဆီးရမိကြောင်း NUG၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။