By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားရွာနှင့် မီးပေါက်ကုန်းရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၇ရက်) ညနေ သုံးနာရီဝန်းကျင်က ပျားရွာနှင့် မီးပေါက်ကုန်းကျေးရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာတစ်စီး၊ Mi 35တစ်စီးတို့ဖြင့် ရောကက်နှင့်ပစ်ခတ်ခြင်းနှင့် ဗုံးကြဲခြင်းတို့ ပြုလုပ်ခဲ့ရာ မီးပေါက်ကုန်းရွာမှ နေအိမ်တစ်လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း ဒေသတွင်း PDFရဲဘော်တစ်ဦးထံက သိရသည်။
” မီးပေါက်က ရွာထဲကျတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ ပျားက ရွာထဲမကျဘူး။ ရော့ကက်က ပစ်တာများတယ်။ ဗုံးသီးကလည်း ဖိုက်တာနဲ့တစ်ခေါက် Mi-35က ပစ်လည်း ပစ်၊ ကြဲလည်း ကြဲသွားတာ” ဟု ၎င်းက MPA သို့ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသော်လည်း စိုးရိမ်စရာမရှိ ကြောင်း ၎င်းကပြောသည်။
ယနေ့ နံနက်ပိုင်း၌ ကျောက်ကန်ရွာတွင် စစ်ကောင်စီတပ်နှင့် PDFတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယင်းသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ကန်ရွာတိုက်ပွဲနှင့် ပတ်သက်၍ PDF တပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။