by Mandy / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြိုတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်သတိပြုရန် တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၂၉ရက်က အမှတ(၁)စစ်ဒေသလက်အောက်ခံ၊ ကောလင်းမြို့ရှိ တော်လှန်ရေးအင်အားစုများက လေကြောင်းအန္တရာယ်နှင့် ပတ်သက်ပြီး ကျေးရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တစ်ဆင့် သတိပေး နှိုးဆော်မှုများ ပြလုပ်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စစ်ကောင်စီက လေကြောင်းကိုပဲ အဓိထားသုံးပြီး ပစ်ချင်တဲ့နေရာကို ပစ်နေတော့ ဒီအခြေအနေမှာ အထူးဂရုပြုရပါမယ်။ အဲ့ဒါကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အမြဲဂရုပြုကြဖို့ သတိပေးထားပါတယ် ” ၎င်းက ဆိုသည်။
ယမန်နေ့ (စက်တင်ဘာ ၂၉ရက်)ညက ကောလင်းမြိုနယ်၊ ပေတစ်ပင်ရွာသစ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့သည့်အပြင် စက်တင်ဘာ ၃၀ရက်တွင်လည်း ဥက္ကံကျေးရွာအား ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
“ စစ်ရေးပစ်မှတ် နေရာမဟုတ်လည်း ပြည်သူတွေကို ၀ရုန်းသုန်းကားဖြစ်အောင်၊ ရှေ့တန်းကလူတွေ စိတ်အာရုံများအောင် လေကြောင်းကနေတိုက်နေတာ၊ သူတို့လုပ်ရိုးလုပ်စဉ်ပဲလေ၊ အဲ့ဒီတော့ ကိုယ့်ဘက်က သတိကြီးကြီးထားနိုင်မှာဘဲ ရမယ် ” ဟု ကောလင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထို့ပြင် စက်တင်ဘာ ၂၆ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ်၊ တကောင်းအိုင်ကျေးရွာကို ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်ရင်းမှ တက်လာသည့် Mi-35 ရဟတ်ယာဉ်ဖြင့် ခြောက်ကြိမ်၊ ဟုမ္မလင်းလေတပ်မှ ရဟတ်ယာဉ်ဖြင့် ရှစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂က ထုတ်ပြန်ထားသည်။
“ လေကြောင်းရန်ကြောင့် လူစုလူဝေးဖြစ်တဲ့နေရာတွေ အကုန်ပိတ်ထားတယ်လို့ ပြောတယ်။ ပိတ်ထားရမှာဘဲလေ၊ အခုက စစ်ရေးကာလပဲ၊ အတတ်နိုင်ဆုံး လူစုလူဝေးဖြစ်တာကို ရှောင်ပြီး နေ့ရော၊ ညရော သတိထားရမှာဘဲ” ဟု အသက် ၂၅နှစ်အရွယ် ကောလင်းဒေသခံ ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ သုံးရက်မှ စတင်ကာ ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ငါးရက်နေ့တွင် မြို့အားထိန်းချုပ်နိုင်ခဲ့သော်လည်း၊ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်း စစ်ကောင်စီဘက်က ကောလင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ကောလင်းမြို့သိမ်း တိုက်ပွဲအတွင်းလက်နက်ကြီး၊ငယ် စုစုပေါင်း ၆၉ လက်၊ Jammer လေးခု၊ ကျည်အမြောက်အမြားနှင့် ရန်သူ့အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ခန့်သေဆုံးကာ၊ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ယမန်နှစ်က ကောလင်းမြို့သိမ်းတိုက်ပွဲပြီးနောက် ပြည်သူများသည် မြို့အတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့သော်လည်း စစ်ကောင်စီ ပြန်လည်သိမ်းယူပြီးနောက် ဒေသခံများသည် ကျေးရွာများနှင့် တော၊ တောင်များအတွင်း စစ်ဘေးရှောင်နေကာ မြို့အတွင်း စစ်တပ်နှင့် စစ်တပ်ထောက်ခံသူ အနည်းငယ်သာကျန်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးနှင့် အင်းတော်မြို့များတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး၍ ခုခံလျက်ရှိသည်။