By Bala / MPA
မန္တလေးမြို့နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်သားခြောက်ဦး သေဆုံးပြီး လေးဦးကို အရေးပေါ် တင်ထားရကြောင်း သိရသည်။
စက်တင်ဘာ ၂၉ရက်၊ နံနက် နှစ်နာရီခွဲခန့်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ (မမ) ရှော့တိုက်ဒုံး ခြောက်လုံး ပစ်ခတ်ခဲ့ရာ လေးလုံးအား အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ထံက သိရသည်။
” ပစ်လိုက်တဲ့ ရှော့ဒုံးက ဘားတိုက်ကိုကျပြီး စစ်သား ခြောက်ဦးက နေရာမှာတင် သေဆုံးခဲ့တယ်။ ဒဏ်ရာရတဲ့လူ အယောက် ၂၀ရှိပြီး အဲထဲက လေးဦးက အရေးပေါ် ဆေးရုံတင်ထားရပါတယ်။ အဆောက်အအုံ နှစ်လုံးပျက်စီးတယ်။ အစတွေ စင်လို့ တခြား အဆောက်အအုံ လေးလုံး နံရံပွင့်တာ၊ အမိုးလန်တာတွေလည်း ရှိတယ် ” ဟုBrave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦး က MPA ကို ပြောသည်။
ရှော့တိုက်ဒုံး နှစ်လုံးသည် ဘားတိုက်ထဲသို့ ကျရောက်ခဲ့ပြီး ကျန်နှစ်လုံးမှာ နန်းတွင်းထဲရှိ စစ်ဆင်ရေးကားများ ထားသည့် ကွင်းထဲသို့ကျရောက်ခဲ့ရာ စစ်ဆင်ရေးကားများ ထိခိုက်ခဲ့ကြောင်း သိရသည်။
” စစ်ဆင်ရေးကားတွေ ပျက်စီးတယ်။ ကားဘယ်နှစ်စီး ပျက်စီးလဲဆိုတာတော့ မသိရသေးဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်မည့် ရန်နိုင်မင်းစစ်ဆင်ရေး အတွက် ပြင်ဆင်နေပြီး လပခ ၏အင်အားကိုလည်း ဖြည့်တင်းထားကြောင်း BWM ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က လပခကို တတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
BWM နှင့် မဟာမိတ်အဖွဲ့များသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာတွင်တစ်ကြိမ်နှင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာသုံးရက်တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့သေးသည်။
စစ်သားများ သေဆုံး၊ ထိခိုက်မှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။