By Blackpanda / MPA
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ယခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၈ကြိမ်ပြုလုပ်ခဲ့မှုကြောင့် ပြည်သူ ၂၀နီးပါးသေဆုံးခဲ့ကြောင်း CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဧပြီလမှ စတင်ကာ စစ်ကောင်စီသည် မင်းတပ်မြို့နှင့် အနီးပတ်ဝန်ကျင်းများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄ကြိမ်ရှိခဲ့ကြောင်း CDF-Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတာ၊ ဧပြီလကနေ အခုထိ စစ်တပ် ဗုံးကြဲတာကြောင့် သေဆုံးတဲ့ ပြည်သူ ၂၀လောက်ရှိပြီ ” CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ဩဂုတ်နှင် စက်တင်ဘာလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း နှစ်ကျောင်း၊ ဘော်ဒါဆောင် လေးဆောင်နှင့် နေအိမ် ကိုးလုံး ပျက်စီးခဲ့ကြောင်း လည်း CDF-Mindat ထံမှ သိရသည်။
“ အဲ့ဒီ နှစ်လတာအတွင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအသေအပျောက်မရှိခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့သူက တော့ ၁၅ဦးလောက်ရှိတယ် ” ဟု မင်းတပ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ငါးကျောင်း၊ ဆေးရုံ တစ်လုံး၊ ဘော်ဒါဆောင် ၁၀ လုံးနှင့် နေအိမ် အလုံး ၁၀၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရမှုများအနက် ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း မင်းတပ်မြို့ ၀မ္မသူဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ငါးဦးသေဆုံးခဲ့ပြီး ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ အဓိက ကျတော်တို့ ချင်းကာကွယ်ရေးတပ်(CDF-Mindat) စခန်းတွေကို လာကြဲတာ၊ ဒါပေမဲ့ လူနေအိမ်တွေထိတယ် ” ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ မင်းတပ်မြို့ပြင် ကို CDF-Mindat မှ ထိန်းချုပ်ထားပြီး မြို့တွင်းသို့ ပို့ဆောင်မည့် ကုန်စည်လမ်းကြောင်းများကို ဖြတ်တောက်ထားကြောင်းလည်း သိရသည်။
ထိုကဲ့သို့ မင်းတပ်မြို့ပြင်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခြင်းကြောင့် မင်းတပ်မြို့ရှိ ခလရ-၂၇၄ နှင့် ရဲများသည် မြို့အတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများ၌ တပ်စွဲကာ ခံစစ်ပြင်ထားကြောင်း သိရသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များက မင်းတပ်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် မြို့တွင်း နေထိုင်သည့် ပြည်သူ ၁၀၀၀၀ ကျော်အနက် ၉၀ ရာခိုင်နှုန်းခန့်သည် ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်နေကြောင်း DVB သတင်းဌာနက ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီသည် မင်းတပ်မြို့ ပတ်လည်သို့ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေခြင်းများကြောင့် စစ်ဘေးရှောင်များသည် စစ်ရှောင်စခန်းများ၊ ကျေးရွာများ၌ မနေရဲဘဲ တော၊ တောင်များအတွင်းသို့ တိမ်းရှောင်နေရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ခုနှစ်၊ ဧပြီ ၂၄ရက်မှ စတင်ကာ CDF-Mindat စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ စတင်ဖွဲ့စည်းချိန်က တူမီးသေနတ်များဖြင့် စစ်ကောင်စီကို တော်လှန်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။