By Ra Wai / MPA
TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအလုံး၅၀ကျော် ကြဲချ ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ၁၆ရက်)နံနက်ကိုးနာရီမှ ၁၀နာရီအထိ စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံး ဆက်တိုက်ကြဲချခဲ့ရာ သီပေါ်မြို့အနောက်ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဥ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုအပြင် လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
“ကျတော်တို့ ဒီနေ့ရတဲ့သတင်းတွေအရ သီပေါ ခလရ၂၃ ကို TNLA က တိုက်နေလို့ စစ်တပ်က မြို့ကို ဗုံးကြဲတာ။ ပြီးခဲ့တဲ့ ၁၄ရက်နေ့ကတည်းက စတိုက်တယ်။စစ်တပ်က လေကြောင်းပစ်ကူရင်းနဲ့ ပြည်သူကိုပါ ဗုံးကြဲတာပေါ့”ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
စက်တင်ဘာ၁၅ရက်၊ညကိုးနာရီကျော်ကလည်း စစ်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ သီပေါမြို့၊ ဇတ်စုရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။
“မနက်ဖြန်လည်း ခလရ၂၃ မှာ တိုက်ပွဲဆက်ပြင်းမယ်လို့ ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
TNLAနှင့်မဟာမိတ်များက သီပေါမြို့ကို ထိန်းချုပ်ထားပြီးဖြစ်သော်လည်း သီပေါမြို့နယ်အတွင်း ခလရ၂၃ ၊ခမရ ၅၀၃ နှင့် ခမရ ၅၀၄ တို့ကို သိမ်းပိုက်ရန် ကျန်ရှိနေကြောင်း သိရသည်။
စစ်တပ်က ပြည်သူကို ဦးတည်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများစွာ သေဆုံး၊ ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် ဒေသခံနေအိမ် များစွာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLAက ဆိုသည်။