By Garcia Ni / MPA
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် ခလရ-၂၇၄ တပ်ရင်းအနီးရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ခံစစ်ပြင်ပစ်ကွင်းအဖြစ် ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မင်းတပ်မြို့အနောက်ရပ်ကွက်၊ လှေးကောင်းလမ်းခွဲအနီးရှိ ဒေသခံများ၏ နေအိမ် ရှစ်လုံးကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၁၅ရက်နေ့တွင် ဘုရင့်နောင်လမ်းခွဲအနီးရှိ ဒေသခံများ၏ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
” ပထမမီးရှို့တဲ့ အိမ်တွေကလည်း ခလရ-၂၇၄ တပ်ရင်းနဲ့နီးတယ်။ အခု ဘုရင့်နောင်လမ်းခွဲဆိုလည်း ၂၇၄တပ်ရင်းနဲ့ နီးနီးလေး၊ ကားလမ်းမကြီးကနေအပေါ်ကို နည်းနည်းလေးပဲတက်ရတယ်။ စစ်ကောင်စီရဲ့အကျင့်အတိုင်းပေါ့ဗျာ တိုက်ပွဲတွေနီးလာရင်၊ ကာကွယ်ရေးရဲဘော်တွေသူတို့စခန်းလာတိုက်ရင် ပစ်ကွင်းရှင်းအောင် ရှို့တဲ့သဘောပါ” ဟု မင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ယမန်နေ့က ဒေသခံနေအိမ်များ မီးရှို့မခံရမီ ညနေပိုင်းတွင် ဘုရင့်နောင်လမ်းခွဲအနီး၌ စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်းသိရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ CDF(မင်းတပ်)ပြောရေးဆိုခွင့်ရှိသူထံသို့ MPAက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
စစ်ကောင်စီသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့ကို ၂၀၂၄ခု၊ ဇွန်လ၂၉ရက်တွင် လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် သြဂုတ်၂၈၊ ၃၁ရက်နှင့် စက်တင်ဘာ၃ရက်နေ့တို့တွင် မင်းတပ်မြို့၊ ခလရ-၂၇၄ တပ်ရင်းအနီးသို့ Y-12 ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာအထုပ်များကိုချပေးခဲ့ပြီး ခံစစ်ပြင်ဆင်လာခြင်းဖြစ်သည်။
” စစ်တပ်ကခံစစ်ပြင်နေတာအပြင် မြို့ထဲကမထွက်တဲ့ ပြည်သူတွေကြားမှာ ခွေး(စကစ)တွေက ရောနေနေတာရှိတယ်ဗျ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်တိုက်ပွဲမှာလည်း သူတို့(စကစ)အဲ့ဒီလိုနေပြီး စစ်သားတစ်ယောက်ကျတိုင်း ပြည်သူတစ်ယောက်ကို ဝရံတာထုတ်ပြီး သတ်ပြတာမျိုးရှိတယ်။ အခုလည်း အဲ့ဒီဗျူဟာကိုသုံးလာမယ်လို့ထင်တယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPAကိုပြောသည်။
လက်ရှိတွင် မင်းတပ်မြို့ပေါ် ဒေသခံအများစုအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြပြီး ပြည်သူသုံးရာခန့်သာ မြို့ပေါ်၌ ကျန်ရှိတော့ကြောင်း မင်းတပ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
” မြို့ထဲကတော့ သူတို့(စကစ)နဲ့ပတ်သက်တဲ့ လူတွေလောက်ပဲရှိတော့တာပါ။ မြို့အစွန်အဖျားတွေကတော့ ဘယ်ကိုမှမထွက်နိုင်တဲ့ အဆင်မပြေတဲ့လူအချို့လောက်ပဲ ကျန်တာ။ အကုန်လုံးဆိုရင်တော့ သုံးရာကျော်လောက်ပဲရှိမယ်ထင်တယ် “ ဟု ၎င်းကဆိုသည်။
ထို့ပြင် မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးယန္တရားများကို မြို့ပေါ်၌ ကျန်ရှိနေသည့် ပြည်သူအနည်းစုဖြင့်သာ လည်ပတ်နေပြီး တစ်မြို့နယ်လုံးကိုမူ ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထိန်းချုပ်ထားသည်။
ယင်းအပြင် စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏပြုလုပ်လျက်ရှိပြီး မင်းတပ်မြို့ ခလရ-၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကို မကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။