ပြည်သူများ အိမ်ပျော်နေသည့် ညသန်းခေါင်ယံတွင် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်ငါးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၁၄ရက်၊ည ၁၂နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့၊တောင်ရပ်ကွက်နှင့် ရွှေမုဠောဘုရား တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး သုံးလုံး ကြဲချခဲ့ကြောင်း TNLA က ယနေ့(စက်တင်ဘာ၁၆ရက်) သတင်းထုတ်ပြန်သည်။
စက်တင်ဘာ၁၅ရက်ကလည်း နောင်ချိုမြို့ လူနေရပ်ကွက်အတွင်းသို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ဆိုသည်။
စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် TNLA အုပ်ချုပ်နေသည့် မြိုများဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့ရှိ အရပ်သားပစ်မှတ်များကို နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်းလည်း TNLA ကထုတ်ပြန်သည်။