By Ko Paing / MPA
မကွေးတိုင်း၊ မြိုင်မြို့ပတ်ပတ်လည်ကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားကြောင်း သိရသည်။
မြိုင်မြို့နယ် ဧရိယာ၏ရာခိုင်နှုန်း ၇၀ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီးမြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်း၊မြို့နယ်ထွေအုပ်ရုံး၊စီးပွားရေးဘဏ်၊မြို့အဝင်ဂိတ်နှင့်ကိုးဆောင်ဘုန်းကြီးကျောင်းတို့တွင် စစ်ကောင်စီတပ်က တပ်စွဲထားကြောင်းသိရသည်။
“မြိုင်မြို့ပတ်လည်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာ။စစ်ကောင်စီတွေ ကင်းပတ်တာ မျိုးတောင် တစ်ခါတလေပဲလုပ်နိုင်တယ်။အတော်ကိုနည်းပါတယ်” ဟု အညာမြေတပ်ပေါင်းစု၊ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က MPAသို့ပြောသည်။
မြိုင်မြို့ကို မတိုက်သေးခြင်းမှာ မြို့နာမည်စိုး၍ဖြစ်ပြီး မြို့ကိုသိမ်းပြီး မထိန်းနိုင်လျှင် အကျိုးအမြတ် မရှိဟု ယူဆကြောင်း မြိုင်ပကဖတာဝန်ခံ ဗိုလ်လကျာ် ကပြောသည်။
“ဒီကောင်တွေ(စစ်ကောင်စီတပ်)က တိုက်ပြေးတွေပါ။ကျနော်တို့တိုက်ရင်တော့ အလံဖြူထောင်ရင် ထောင်၊ မထောင်ရင်တော့ သေပေါ့။ဒီကောင်တွေက အပြင်သိပ်မထွက်ရဲဘူး။ကျနော်တို့က ဘေးက အမှိုက်တွေလိုက်ရှင်းနေတာ” ဟု ၎င်းကပြောသည်။
မြိုင်မြို့ပေါ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကန်နီ၊သရက်ကန်၊သရက်ကွ၊တွင်းမ ပျူစောထီးရွာများနှင့် စက်မှု နှစ် တို့တွင် စစ်သားနှင့်ရဲ စုစုပေါင်း၂၄၀ ဝန်းကျင် တပ်စွဲထားကြောင်းသိရသည်။
“တကယ့်အရေးပါတဲ့ စခန်းနဲ့ ပျူရွာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ။မြေပြင်မှာ စစ်ကြောင်းမလာတော့ဘူး။လေယာဥ်နဲ့လာမှပဲရတော့မယ်” ဟု၎င်းက ဆက်လက်ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း မြိုင်မြို့နယ်၌ စစ်သားနှင့်ရဲ စုစုပေါင်း ၁၃ဦး အလင်းဝင်ခဲ့သည်။
မြိုင်မြို့နယ်အတွင်းရှိ စစ်ရေးအရအရေးပါသည့် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်ရှစ်ရက်တွင် ဝက်ပုတ်ပျူစောထီးရွာကို PDFတို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။