By Zwe Ko/MPA
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းနှင့် မင်းလှမြို့နယ်များ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီးနောက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်းနှင့် အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် နောက်ဆုံးပတ်အတွင်း လက်ပံတန်းနှင့် မင်းလှမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်၊ ကျဆုံးမှုများပြားခဲ့ခြင်းဖြစ်သည်။
လက်ပံတန်းနှင့် မင်းလှမြို့နယ်တို့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ဩဂုတ် ၂၄ရက်က လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီးတွင် တစ်ကြိမ်၊ ဩဂုတ် ၂၇ရက် တောင်တန်းမြိုင်ရွာအနီးတွင် တစ်ကြိမ်နှင့် ဩဂုတ် ၃၀ရက်က မင်းလှမြို့နယ်၊ ဆားချောင်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ကြိမ်၊ စုစုပေါင်း တိုက်ပွဲသုံးကြိမ်၌ စစ်ကောင်စီဘက်က အရာရှိ ငါးဦးကျော်အပါအဝင် စုစုပေါင်း ၅၀ နီးပါးသေဆုံးခဲ့ကြောင်း သာယာ၀တီခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက အသီးသီးထုတ်ပြန်ထားသည်။
“ သူတို့ (စစ်တပ်)အထိနာသွားတော့ ဘာမှ မဆိုင်တဲ့ ကျတော်တို့ အုတ်ဖိုစုရွာနဲ့ ရေငန်ရွာကိုး မီးရှို့တာ၊ ၂၇ရက် ညက ရှို့တာ၊ အုတ်ဖိုစုရွာကတော့ တစ်ရွာလုံးနီးပါး ကုန်သွားတယ်။ ရေငံရွာကတော့ အိမ်အနည်းငယ် ကျန်ခဲ့တယ်။ နှစ်ရွာပေါင်း အိမ် ၂၀၀ကျော်လောက် မီးလောင်သွားတာ” ဟု အုတ်ဖိုစုရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ အဆိုပါကျေးရွာများအတွင်း စစ်ကောင်စီက တပ်စွဲထားပြီး NLD ထောက်ခံအားပေးသည့် အိမ်များကို မီးရှို့မှုများ လိုက်လံပြုလုပ်နေကြောင်း ရေငံကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ရွာက ရှောင်နေရတာက နှစ်လလောက်ရှိပြီ၊ ပထမတည်းက ရွာနားမှာတိုက်ပွဲခဏခဏဖြစ်တယ်လေ၊ မီးရှို့တာကတော့ စစ်တပ်ထောက်ခံတဲ့အိမ်တွေလည်းပါသွားတယ်တဲ့၊ ရှို့တာကတော့ NLD အားပေးတဲ့အိမ်တွေကိုလိုက်ရွေးရှို့နေတာ၊ စစ်တပ်ထောက်ခံတဲ့အိမ်တွေပါဆက်လောင်သွားတာ”ဟု ထိုအမျိုးသမီးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာများအတွင်း ကျန်ရှိခဲ့သည့် အမျိုးသမီးနှစ်ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း လက်ပံတန်းမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဖြစ်တာတော့ရေငံရွာမှာ၊ ပြီးခဲ့တဲ့ လ ၂၉ရက်နေကဖြစ်သွားတာ၊ ကလေး အမေတစ်ယောက်၊ ပြီးတော့နောက်အမျိုးသမီးတစ်ယောက်၊ အမျိုးသားတွေကို ဖမ်းထားပြီး အမျိုးသမီးတွေကိုမုဒိမ်းကျင့်တာ၊ အုပ်စုဖွဲ့ပြီးကျင့်တာ၊ သူတို့(အမျိုးသမီးနှစ်ဦး)ကလည်းအိမ်မှာ ကျန်းမာရေးမကောင်းတဲ့သူရှိလို့ထွက်မပြေးတာကို အဲဒီလိုလုပ်သွားတာ၊ ပြီးတော့ ရွာထဲက အရက်ကြောင် ကြောင်နေတဲ့အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်လိုက်တယ်။ အစ်မသိတာတော့ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေလည်း စိတ်ချရတဲ့နေရာရောက်သွားပြီးဆေးကုသမှုခံယူနေတယ်ပြောတယ် ”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ဩဂုတ် ၃၁ရက်ကလည်း စစ်ကောင်စီတပ်သားများသည် မင်းလှမြို့နယ်အတွင်းရှိ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြောင်း သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂မှ ရဲဘော်တစ်ဦးက ပြောသည်။
“ဖြစ်တာကတော့ ၃၁ရက်နေ့က ဖြစ်တာ၊ ပဲခူးရိုးမနားက ကိုးထစ်ကျောက်တောင်ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စတွေလာကူလုပ်ပေးနေတဲ့ အမျိုးသမီးကို စစ်သားတွေက ဘုန်းကြီးကျောင်းထဲဝင်လာပြီး မုဒိန်းကျင့်တာ၊ စစ်သား တွေဝင်လာချိန် ကျောင်းမှာက ဘုန်းကြီးကမရှိဘူး။ ကောင်မလေး အဖေကလည်းမရှိဘူး။ အဲဒီအချိန်မှာဖြစ်သွားတာ၊ ကောင်မလေးက သတိလစ်နေတာ၊ အခုတော့ဆေးကုသမှုခံယူနေပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ယင်းအပြင် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌လည်း သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများသည် စစ်ကိုင်းတိုင်းကဲ့သို့ လုပ်ဆောင်လာပါက တိုက်ပွဲဖြစ်ပွားခဲ့သည့် အနီးနားကျေးရွာများအား မီးရှို့ဖျက်ဆီးရန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိ စစ်တောင်မြစ်ဝှမ်း စိုးမိုးရေးနှင့် ပဲခူးရိုးမ ထိုးဖောက်နိုင်ရေးအတွက် စစ်ရေးစီမံချက်များချမှတ်ကာ စစ်ဆင်ရေးများဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကောင်စီဘက်ကလည်း ပဲခူးရိုးမအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသော်လည်း စစ်သားအများအပြားကျဆုံးခဲ့ရသည့်အပြင် ဖမ်းဆီးခံရသူများနှင့် စစ်လက်နက်များ ဆုံးရှုံး လျက်ရှိသည်။
ဆက်လက်ပြီး သာယာ၀တီခရိုင်အတွင်း မြို့နယ်များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်မည်ကို ကြောက်လန့်နေသည့် စစ်ကောင်စီက မြို့တွင်း လုံခြုံရေးများကို တင်းကျပ်ကာ တိုက်အမြင့်များပေါ်၌ နေရာယူထားမှုများပြုလုပ်ထား သောကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။