By Ko Paing / MPA
ရှမ်းပြည်နယ်၊ သီပေါမြို့ကို စစ်ကောင်စီတပ်က သန်းခေါင်ကျော်အချိန်တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး အရပ်သားနှစ်ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ (သြဂုတ်၂၇ ရက်) နံနက်အစောပိုင်း တစ်နာရီနှင့် တစ်နာရီခွဲကြားတွင် စစ်ကောင်စီတပ်က Y-12 နှင့်ဂျက်ဖိုက်တာတို့ဖြင့် တစ်မြို့လုံးနီးပါးကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“နေအိမ်ထိခိုက်ပျက်စီးမှုက များတယ်။ လတ်တလောတော့ အုတ်ကျင်းရပ်ကွက် အမျိုးသား နှစ်ဦးသေတယ်။ခလရ ၂၃ ကနေ မြို့ထဲကို လက်နက်ကြီးနဲ့လည်းပစ်နေတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ အနောက်အရပ်မှာရှိတဲ့ စစ်ရှောင်စခန်းကိုလည်း လက်နက်ကြီးကျည်ကျသေးတယ်။ လူတွေတော့ မထိဘူး။ ကျောင်းဆောင်တော့ ပျက်စီးသွားတယ်” ဟု ၎င်းက MPA သို့ ပြောသည်။
သီပေါမြို့ပြင်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့နံနက် ၁၀ နာရီခန့်အထိ သေနတ်သံများ ကြားရကြောင်း သိရသည်။
ခလရ ၂၃ တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် သီပေါမြို့ပေါ် အနောက်အရပ်ရှိ ဘုရားကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းသို့ ကျရောက်ပေါက်ကွဲရာ ကျောင်းဆောင်တစ်ခု ပျက်စီးသွားကြောင်းသိရသည်။
သြဂုတ်လ ၂၆ ရက်နေ့ နံနက် လေးနာရီနှင့် ငါးနာရီကြားကလည်း သီပေါမြို့နယ်၊ နားခေါ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးကျည်စ ထိမှန်ကာ သေဆုံးသွားခဲ့သည်။
သီပေါမြို့တွင်းကို TNLA နှင့် ပူးပေါင်းတပ်က စိုးမိုးထားနိုင်ပြီဖြစ်သည်။